ပပ၊ ဇွန်လ ၂၈ ရက်၊ မူဆယ်
တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ကြဖို့နဲ့ အမှိုက်ကားတွေ ပုံမှန်လာပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
မူဆယ်မြို့ရှိ ရပ်ကွက်အများစုနဲ့ ပြည်ထောင်စု လမ်းမပေါ်၊ မြို့တွင်း စတဲ့နေရာမှာ ဒေသခံတွေက အမှိုက်ကို စည်းကမ်းမဲ့ ပစ်နေကြတဲ့အပြင် မြို့တွင်း အမှိုက်သိမ်းတဲ့ စည်ပင်ကားတွေကလည်း အချိန်မှန် မလာပေးတာကြောင့် အမှိုက်တွေ စုပုံနေတယ်လို့ ဆိုပါတယ်။
မြို့ခံအမျိုးသမီးက “တကယ်ဆိုရင် လှလှပပ ဖြစ်နေရမယ့်မြင်ကွင်းတွေ ဖြစ်ရမယ်လေ။ အဲအစား နံစော်နေတဲ့ အမှိုက်တွေပဲ အမြဲမြင်နေရတယ်။ ဒါက အမြန်ဆုံး ဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်။ ကြာလာရင် အနီးအနားကလူတွေအတွက်လည်း မကောင်းဘူး ကျန်းမာရေး ထိနိုင်တယ်” လို့ ပြောပါတယ်။
အမှိုက်တွေ စုပုံနေတတ်တဲ့နေရာဟာ မူဆယ်မြို့ စွမ်စော်၊ ကံ့ကော်လမ်းခွဲ မီးပွိုင့်၊ တော်ရွက်ရပ်ကွက်နဲ့ ဆင်ဖြူဂိတ်အနီး စတဲ့နေရာဖြစ်ပြီး အမှိုက်ကားလည်း တစ်ပတ်မှ တစ်ကြိမ်လောက်သာ လာကြောင်း အထက်ပါ အမျိုးသမီးက ပြောဆိုပါတယ်။
တချို့ရပ်ကွက်ရှိ အမှိုက်တွေဟာ လက်ရှိ မိုးတွင်းကာလမှာ မိုးကြီးရင် ရေမြောင်း ပိတ်ဆို့တာတွေအထိ ဖြစ်စေပြီး ရေကြီးရေလျှံတဲ့အထိ ဖြစ်ပွားတာလည်းရှိကြောင်း နောက်ထပ်အမျိုးသားက ပြောပါတယ်။
”ဒီပုံစံပဲဆို အရင်ကလို ရေကြီးတာတွေ ပြန်ဖြစ်မှာဘဲ။ အမှိုက်တွေက မြောင်းတွေ ပိတ်လို့လေ။ စည်ပင်တွေ ဒါကို ကောင်းကောင်းလုပ်သင့်ပြီ”
လမ်းနဲ့ အများပိုင်နေရာမှာ အမှိုက်တွေ စွန့်ပစ်ရင် ဒဏ်ငွေ ရိုက်သင့်သလို သက်ဆိုင်ရာကလည်း အလုပ်ပိုလုပ်ပေးစေချင်ကြောင်း ၎င်းအမျိုးသားက ဆက်ပြောပါတယ်။
ဒါ့အပြင် အမှိုက်ခွန် ပုံမှန်ပေးနေရသလို အမှိုက်ကားလည်း နေရာအနှံ့ ပုံမှန်လာပေးရင် အမှိုက်တွေ ဖြစ်သလို စွန့်ပစ်တာ လျော့ကျသွားနိုင်ကြောင်း မြို့ခံတွေက ပြောဆိုနေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။