ပပ၊ မေလ ၂၁ ရက်၊ ပင်းတယ
ရှမ်းတောင် ပင်းတယမြို့နယ်မှာ အွန်လိုင်းဂိမ်း စွဲနေတဲ့ ကျောင်းဆရာမတစ်ဦးက အမျိုးသမီး ၂ ဦးကို ဓားနဲ့ ထိုးသတ်ခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက် ည ၇ နာရီခွဲမှာ ပင်းတယမြို့နယ် မြင်းမူးကျေးရွာအုပ်စုမှာ အဆိုပါ ကျောင်းဆရာမက နေအိမ်ထဲအထိ ဝင်လာပြီး အဒေါ်နဲ့ တူမဖြစ်သူ ၂ ဦးကို ဓားနဲ့အကြိမ်ကြိမ် ထိုးခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသားက “သူက ဖုန်းနဲ့ဆော့ရတဲ့ ပိုက်ဆံ ထည့်ရတဲ့ ကျွဲဂိမ်း ရှုံးတာ။ အဲဒါကို ပိုက်ဆံလိုလို့ အဲတူအရီးတွေသာ နေကြတဲ့ အိမ်ဆိုင်ထဲ ပစ္စည်းတစ်ခုခု ဝင်ယူတာ။ ပိုက်ဆံလည်း တောင်းတာပေါ့။ ရွှေတွေရော ပါတယ်။ ဟိုက မပေးလို့တဲ့ ထိုးတာ” လို့ ပြောပါတယ်။
ဓားထိုးခံရသူ ၂ ဦးဟာ အသက် ၄၀ အရွယ် အဒေါ်ဖြစ်သူ ဒေါ်မြကြည်နဲ့ ၁၈ နှစ်အရွယ် တူမဖြစ်သူ မသန်းအေးဖြစ်ပြီး ရင်ဘတ်နဲ့ လည်ပင်းအပြင် ခန္ဓာကိုယ်မှာ ပြင်းထန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
၎င်းတို့ကို ပရဟိတအသင်းတွေက နေအိမ်ကနေ သယ်ဆောင်ပြီး ပင်းတယနဲ့ တောင်ကြီး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပေမဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။
ကျူးလွန်သူ မနုနုထွေးဟာ မူလတန်းပြ ကျောင်းဆရာမဖြစ်ပြီး လက်ရှိမှာတော့ သက်ဆိုင်ရာက ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။