ပို့လဘား၊ ဩဂုတ် ၂၃ ရက်၊ နမ့်ခမ်း
တအာင်းတပ်မတော် PSLF/ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်မှာ နေအိမ်ဖောက်ထွင်းခိုးယူတဲ့ အမျိုးသား၅ ဦးကို တအာင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယအပတ်မှာ မြို့နယ်တအာင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ဆိုင်ကယ်ခိုးတဲ့ အမျိုးသား ၄ ဦးနဲ့ ပစ္စည်းလက်ခံသူတစ်ဦး ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဒေသခံတွေကနေတဆင့် သတင်းရပြီး သွားဖမ်းတာ။ ဖမ်းတာတော့ ၃ ရက်၄ ရက်ရှိပြီ။ ဒီနေ့က သူတို့ခိုးမှုအကြောင်းကို ပြည်သူလူထုတွေသိအောင် မြို့ထဲမှာ ပတ်ပြီး သူတို့ကို ဖော်ပြခိုင်းတယ်။ တစ်ယောက်က ဖုန်းဆိုင်ဖောက်တာ။ ဖုန်းတွေခိုးတယ်။ ကျန်တဲ့သူက ဆိုင်ကယ်တွေ ခိုးနေတာ”လို့ ပြောပါတယ်။
အဲဒီအမျိုးသား ၅ ဦးဟာ ဆိုင်ကယ် ၁၀ စီးထက်မနည်း ခိုးယူထားတဲ့အပြင် ဖုန်း၊ tablet နဲ့ နာရီတို့လည်း ခိုးယူထားတာဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှု၊ နေအိမ်ဖောက်ထွင်းမှု စတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီအမျိုးသား ၅ ဦးကို မြို့နယ်တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။