ရွှေဖီမြေ၊ ဩဂုတ် ၂၃ ရက်
စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချကြောင်း တအာင်းပြည်ကောင်စီ- TLC က မနေ့ ဩဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲဟာ အာဏာရှင်စနစ်ကို သက်ဆိုး ရှည်ဖို့နဲ့ တရားမဝင် အာဏာကို ဆက်လက် ရရှိဖို့အတွက်သာ ဖြစ်တာကြောင့် လူထုတွေအနေနဲ့ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲမှာ မပါဝင်ဖို့ တိုက်တွန်းထားပါတယ်။
အလားတူ နိုင်ငံတကာ အစိုးရတွေအနေနဲ့လည်း ရွေးကောက်ပွဲကို အသိအမှတ် မပြုဘဲ ဆန့်ကျင်ကန့်ကွက်ဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံတစ်ဝန်းမှာ အရပ်သားတွေ နေထိုင်တဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကနေ ဩဂုတ် ၂၁ ရက်အထိ တစ်လအတွင်း စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ ကွတ်ခိုင်နဲ့ မိုင်းပေါ့မြို့က အရပ်သား ၅၉ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲ ပထမအပိုင်းမှာ ရှမ်းမြောက်က စစ်တပ် ပြန်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့၊ ကိုးကန့်တပ်က စစ်တပ်ထံ ပြန်လွှဲပြောင်းပေးတဲ့ လားရှိုးမြို့နဲ့ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ မူဆယ်မြို့ ပါဝင်ပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ပထမအပိုင်းမှာ ရှမ်းပြည်နယ်ထဲက မြို့ ၁၂ မြို့၊ ရခိုင်ပြည်နယ် ၃ မြို့၊ ကရင်ပြည်နယ် ၃ မြို့၊ ကရင်နီပြည်နယ် ၂ မြို့၊ မွန်ပြည်နယ် ၅ မြို့နဲ့ ချင်းပြည်နယ် ၂ မြို့မှာ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီက ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။