ဓာတ်ပုံ- Facebook

အိုက်ပွီး၊ ဇန်နဝါရီ ၆ ရက်၊ တီးတိန်

ချင်းပြည်နယ် တီးတိန်မြို့ မြို့မရပ်ကွက်မှာ မနေ့ ဇန်နဝါရီ ၅ ရက် နေ့လယ် ၂ နာရီခန့်က ကလေးငယ်တွေ ဆော့ကစားကြရင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားတာကြောင့် ကလေး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကလေးတွေဟာ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနဲ့ ဆောက်လုပ်ရေးရုံးကြား ချုံပုတ် ထူတဲ့နေရာမှာ အပင်ပေါ်က ပုတ်သင်ညိုကို ကျောက်ခဲနဲ့ ပစ်ပေါက်ပြီး ဖမ်းဆီးရာ မြေမြှုပ်မိုင်း ထိမှန်တာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“မိုင်းပေါက်ကွဲမှု ဖြစ်တဲ့နေရာ လူသွားလာနေကျ လမ်းမဟုတ်ဘဲ ချုံပုတ် နည်းနည်း ထူတယ်။ ကလေးတွေက အဲနေရာသွားပြီး ထောပတ်ပင်ပေါ်က ပုတ်သင်ညိုကို ခဲနဲ့ပစ်ပေါက်ပြီး ဖမ်းနေကြတယ်။ သူတို့ပစ်တဲ့ ခဲလုံးက မိုင်းနဲ့သွားထိပြီး ပေါက်ကွဲတာဖြစ်တယ်”

မိုင်းစ ထိမှန်တဲ့ ကလေးတွေဟာ အသက်အန္တရာယ် မစိုးရိမ်ရပေမဲ့ ခြေထောက်မှာတော့ ပြင်းထန်ဒဏ်ရာ ရတာကြောင့် တီးတိန်မြို့ ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေကြရပါတယ်။

အဲဒီမြေမြှုပ်မိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလတုန်းက စစ်တပ်နဲ့ ချင်းညီနောင်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ဖြစ်တယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“တိုက်ပွဲတုန်းက စစ်တပ်တွေ သူတို့တပ်စွဲတဲ့နေရာမှာ မိုင်းတွေ ထောင်ထားခဲ့တယ်။ တိုက်ပွဲပြီးတော့လည်း မိုင်းရှင်းလင်းရေးတွေ သေချာမလုပ်ခဲ့ဘူး။ မြို့မရပ်ကွက်ဘက်မှာဆို တိုက်ပွဲတုန်းက မပေါက်ကွဲသေးတဲ့ စစ်ကျန်ပစ္စည်းတွေ ကျန်သေးတယ်”

တီးတိန်မြို့မှာ ဒေသခံတွေအနေနဲ့ အများပြည်သူ အသုံးမပြုတဲ့လမ်းပိုင်း တားမြစ်ထားတဲ့နေရာမှာ မသွားဖို့ မိုင်းနဲ့ စစ်ကျန်ပစ္စည်းရဲ့အန္တရာယ် သတိပြုဖို့ ဒေသခံ လူမှုအဖွဲ့စည်းတွေက အကြိမ်ကြိမ် သတိပေးထားပါတယ်။

ပြီးခဲဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၃ ရက်ကလည်း တီးတိန်မြို့ ပြည်သူ့ဆေးရုံဘေး ဝန်ထမ်းအိမ်ယာ အထက်နားက ရေပေးဝေသူ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ညာခြေထောက် ဒူးအောက်ပိုင်း ဆုံးရှုံးခဲ့ရပါတယ်။

ချင်း လူ့အခွင့်အရေးအဖွဲ့ချုပ်- CHRO ရဲ့ ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်ထားတဲ့ စာရင်းအရ ချင်းပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြေမြှုပ်မိုင်းနင်းမိလို့ ကလေးအပါအဝင် အရပ်သား ၃၇ ဦး သေဆုံးပြီး ၆၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။