ယာရူစိင်၊ ဩဂုတ် ၂၀ ရက်၊ မော်ချီး
ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်တပ်က ဗုံး ထပ်မံ ကြဲချတိုက်ခိုက်တာကြောင့် ဒေသခံ ၁ ဦး သေဆုံးခဲ့တယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဩဂုတ် ၂၀ ရက် မနက် ၆ နာရီခွဲဝန်းကျင်မှာ မော်ချီးဒေသ လိုခါးလိုရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးသူအပြင် ဒဏ်ရာရသူ ၅ ဦး ရှိတယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသမီးတစ်ဦးက “ဒီမနက်ပဲ ထပ်ကြဲသွားတာပါ။ ဒေသခံတစ်ယောက် သေဆုံးခဲ့ရပါတယ်။ တချို့ဒေသခံတော့ နေရပ်ကနေ ရှောင်နေကြတာလည်း ရှိပါတယ်” လို့ ပြောပါတယ်။
မနေ့ ဩဂုတ် ၁၉ ရက် မနက် ၆ နာရီဝန်းကျင်မှာလည်း မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ နေ့စဉ်လိုလို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်ကလည်း မော်ချီးဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးသူ ၃၂ ဦးအထိ ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။