ရွှေဖီမြေ၊ သြဂုတ် ၂၀ ရက်၊ ဒီးမော့ဆို
ကရင်နီ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်တပ်ဘက်က မနေ့ သြဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကရင်နီ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့ကို ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်မှာ စစ်တပ်ဘက်က စတင်တိုက်ခိုက်ခဲ့ရာ မနေ့ သြဂုတ် ၁၉ ရက်မှာ မြို့ကို အပြည့်အဝ ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီးမော့ဆို တိုက်ပွဲအတွင်း စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပေါင်း ၂၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှု ရှိခဲ့ကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ကရင်နီ တော်လှန်ရေးတပ်တွေဘက်ကတော့ ဒီးမော့ဆိုမြို့ကို ပြန်လည် လက်လွှတ်ခဲ့ရတာနဲ့ ပတ်သက်ပြီး တစုံတရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။
ဒီးမော့ဆိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန် ၁၁၁၁ စစ်ဆင်ရေးအတွင်း KNDF နဲ့ ပူးပေါင်းတပ်ဘက်က တိုက်ခိုက်သိမ်းနိုင်ခဲ့တာဖြစ်ပြီး မြို့အပြင်မှာရှိတဲ့ စစ်တပ်ရဲ့ ခလရ ၁၀၂ နဲ့ ခမရ ၄၂၇ ကိုတော့ သိမ်းပိုက်နိုင်ခြင်း မရှိပါဘူး။
စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမယ့် ဒေသတွေထဲ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ထည့်သွင်းထားတာ တွေ့ရပြီး စစ်တပ်ဘက်က ၎င်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်တာ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း ကရင်နီ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။