မိုင်းရူပ၊ သြဂုတ် ၁၉ ရက်၊ စဉ့်ကူး
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးရွာရှိ KTV ဗုံးကြဲခံရပြီး သေဆုံးသူ ၆ ဦးအထိ ရှိခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ သြဂုတ် ၁၉ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ရှောက်ပင်ရိုးရွာမှာရှိတဲ့ 147 KTV ကို စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသား ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
“တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ KTV ကို လာကြဲတာ။ သေဆုံးသူတွေက အရပ်သားတွေပဲဗျ။ ထိခိုက်ဒဏ်ရာရသူလည်း များတယ်။ အရေအတွက် မသိရသေးဘူး” လို့ မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရွှေဖီမြေက ရရှိထားတဲ့ သေဆုံးသူတွေရဲ့ ဓာတ်ပုံထဲ ခေါင်းပြတ်သေဆုံးတာလည်း တွေ့ရပြီး အဆောက်အဦး ၃ လုံးထက်မနည်းလည်း ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်ဟာ ၎င်းတို့ လက်လွှတ်ထားရတဲ့ မန္တလေးလေးတိုင်းထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေပြီး အရပ်သား သေဆုံးမှု ဆက်တိုက် ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်မှာလည်း မိုးကုတ်မြို့အရှေ့ပိုင်းရှိ ရွာသစ်နဲ့ ရွှေကူကြားမှာရှိတဲ့ ငါးပတ်တောင်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦး ရှိခဲ့ပါတယ်။
စစ်တပ်ဘက်ကတော့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး တစုံတရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။