ယာရူစိင်၊ ဩဂုတ် ၁၉ ရက်၊ မော်ချီး
ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံး ထပ်ကြဲတာကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဩဂုတ် ၁၉ ရက် မနက် ၆ နာရီဝန်းကျင်မှာ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသမီးတစ်ဦးက “လက်ရှိတော့ ၃ ဦး ဒဏ်ရာ ရတယ်လို့ သိရပါတယ်။ ထပ်ကြဲမှာပဲ ကြောက်နေရတာ။ ထိခိုက်မှု အတိအကျတော့ စာရင်း မသိရသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက် နေ့လယ် ၁၂ နာရီကျော်မှာလည်း ဖားဆောင်းမြို့နယ် မော်ချီးဒေကို စစ်တပ်က ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့ပါတယ်။
ဇူလိုင် ၁၄ ရက်ကလည်း မော်ချီးဒေသ တောင်ပေါ်ရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သလို ဇူလိုင် ၉ ရက်ကလည်း မော်ချီးဒေသ လိုလော်ထီးရွာကို ပေါင် ၂၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ဦး သေဆုံးခဲ့ပါတယ်။
ဇွန်လ ၂၅ ရက်ကလည်း မော်ချီးဒေသ ရပ်ကွက် ၁၅ ရှိ ခဲကျင်းကို ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၇ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။