မိုင်းပန်ပျော်၊ ဇန်နဝါရီ ၅ ရက်၊ ကွတ်ခိုင်
တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နဲ့ ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ တာမိုးညဲမြို့သို့သွားတဲ့ လမ်းပိုင်း ပြုပြင်နေတာကြောင့် ဖြတ်သန်းသွားလာခွင့် ယာယီ ပိတ်ထားပါတယ်။
မနေ့ ဇန်နဝါရီ ၄ ရက်ကစပြီးတော့ MNDAA က လမ်း ပြုပြင်နေတာကြောင့် ကားနဲ့ ဆိုင်ကယ် ဖြတ်သန်းသွားလာခွင့် ယာယီ ပိတ်ထားတယ်လို့ ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တရုတ် (ကိုးကန့်)က လမ်းပြင်နေတာ သူတို့က လမ်းကို နောက်တစ်ထပ် ပြန်ခင်းတာ ဆိုင်ကယ်ရော ကားရော ဖြတ်လို့ မရသေးဘူး”
လမ်းပိုင်းကို ဘယ်နေ့အထိ ပိတ်မလဲဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
တာမိုးညဲသို့ သွားချင်ရင် ကွတ်ခိုင်မြို့ ရပ်ကွက် ၂ နဲ့ ၄ ဘက်ကနေ ပတ်ပြီးတော့ သွားလို့ရနေကြောင်း ၎င်းက ဆက်ပြောပါတယ်။
၁ဝ၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကွတ်ခိုင်မြို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တာမိုးညဲမြို့ကိုတော့ MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။