မြတ်နိုး၊ ဩဂုတ် ၁၄ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှရော်ခရွာ ရဝမ်ကုန်းမှာ ဒီနေ့ ဩဂုတ်လ ၁၄ ရက် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ခန့်က လက်နက်ကြီး ကျလို့ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ရှရော်ခရွာ ရဝမ်ကုန်းမှာ လက်နက်ကြီး ကျတာ။ ၅ ယောက် ထိသွားတယ်။ နေ့လယ်က ဖြစ်တာပါ။ ခဏလေး အခြေအနေကောင်းလို့ ဝင်လာတာ ဖြစ်သွားတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားတာ မရှိပေမဲ့ ဖားကန့်မြို့နယ်မှာ မကြာခဏ လက်နက်ကြီး ကျလို့ ဒေသခံတွ ထိခိုက်တာ များလာပြီလို့ သူက ပြောပါတယ်။
“ရှရော်ခ ကျေးရွာထဲမှာရှိတဲ့ မျက်မြင်တွေ့တဲ့သူတွေကတော့ ဒရုန်းလို့ ပြောကြတယ်ဗျ။ သူတို့ကတော့ စွန်လိုမျိုး အရာတစ်ခုကို ကောင်းကင်မှာ တွေ့လိုက်တယ်လို့ဆိုပြီး သူတို့ ပြောတယ်။ သူတို့က ဒရုန်းလို့ ယူဆကြတယ်ဗျ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒရုန်းဗုံး ကျရောက်ပါက်ကွဲမှုကြောင့် Grade 10 တက်ရောက်နေတဲ့ အသက် ၁၆ နှစ်အရွယ် ထန်ရှမ်းခိုင် ခါးဘယ်ခြမ်း ထိပြီး ၅၂ နှစ်အရွယ် ကိုဝင်းနိုင် ညာပေါင်ထိကာ ၅၆ နှစ်အရွယ် ကိုရဲနိုင် ခန္ဓာကိုယ်အနှံ့ ထိခိုက်ပြီးတော့ ၅၇ နှစ်အရွယ် ကိုထူးကျော် ညာခြေထောက်၊ ၅၀ အရွယ် ကိုတင်ထွဋ်တို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။
“Grade 10 ကျောင်းသားက စိုးရိမ်ရတယ်ဗျ။ ကျန်လေးယောက်က မစိုးရိမ်ရပါဘူး” လို့ သူက ဆက်ပြောပါတယ်။
ဒရုန်းဗုံးကျရာ နေရာတဝိုက်ဟာ ဒီရက်ပိုင်း ငြိမ်နေတဲ့နေရာဖြစ်ပြီး လက်ရှိ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘူးလို့ သူက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက် ည ၉ နာရီကျော်ကလည်း ဖားကန့်မြို့နယ် ဆိပ်မူ KBC ဘုရားကျောင်းထဲ ဖားကန့်ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။