လွေးလာဝ်ဇာရ်၊ ဩဂုတ် ၁၄ ရက်၊ ဆီဆိုင်
ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က မီးရှို့ဖျက်ဆီးပြီး ဒေသခံတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ပအိုဝ်းတပ်မတော်- PNLA က မနေ့ ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နောင်ကျောနဲ့ တောင်ရှေ့ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ PNO က စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ် ဆင်လာတာကြောင့် တစ်ပတ်ကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ဒီနေ့ သြဂုတ် ၁၄ ရက်မှာ ပြောပါတယ်။
“ကျနော်တို့အဖွဲ့ကတော့ ကျေးရွာတွေမှာ တပ်စွဲတာ မရှိဘူး။ ကျေးရွာရဲ့ မနီးမဝေးတဲ့ တောင်ကုန်းတွေမှာဘဲ နေကြတာ များတယ်။ သူတို့က ရွာထဲ ဝင်ရောက်ပြီးတော့ မီးရှို့တယ်။ ကျနော်တို့ သိရသလောက်ဆို အခုချိန်ထိ မီးရှို့နေတုန်းဘဲ”
ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်မှာ နောင်ထော်ရွာကြီးရှိ ကယန်းပိုင်းရပ်ကွက်နဲ့ နောင်ထောဝ် ကုလားလမ်းရွာထဲက နေအိမ် ၂၄ အိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ပစ်သတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
PNO ရဲ့ စစ်ကြောင်းထိုး နေအိမ် မီးရှို့မှုနဲ့ ဒေသခံကို ပစ်သတ်ခဲ့တာကြောင့် ကျေးရွာခံ ၂ ထောင်ကျော်ဟာ တောတောင်ထဲအပြင် တခြားရွာတွေဘက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
“သူတို့ထိုးစစ် လုပ်ပြီးတိုင်း ရှို့ခဲ့တဲ့ရွာတွေ သတ်ဖြတ်ခဲ့တဲ့ ပြည်သူတွေက ပအိုဝ်းလူမျိုးတွေပါ။ ကိုယ့်လူမျိုးရဲ့ရွာတွေ မီးရှို့ လူထုတွေ ပြန်သတ်နေရတယ်ဆိုတာက ပြန်စဉ်းစားကြဖို့ လိုပါတယ်။ ဒီအပေါ်မှာ စဉ်းစားဆင်ခြင်သုံးသပ်ပေးဖို့ ကိုယ့်ရဲ့လူမျိုးတွေက အာဏာရှင်တွေရဲ့ အသုံးချခံမဖြစ်ဖို့ ကျနော့်အနေနဲ့ပြောချင်ပါတယ်။ အခုက PNO ကို မောင်းတင်နေတာကတော့ ခရိုနီ နေဝင်းထွန်းဘဲ ဖြစ်ပါတယ်။ သူကတော့ ပအိုဝ်းလူမျိုး မဟုတ်ပါဘူး။ ပအိုဝ်းလူမျိုးတွေကို အသုံးချပြီးတော့မှ သူ့ရဲ့အကျိုးစီးပွားတွေကို ကာကွယ်နေတာ ဖြစ်ပါတယ်” ဆိုပြီး ခွန်ရိန်းယံက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နဲ့ ၁၃ ရက်မှာလည်း PNO က တပူးထိုရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၆ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုက ဒေသခံ ၆ ထောင်ကျော်ကိုလည်း စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ကျေးရွာအတွင်းကနေ မောင်းထုတ်ခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။