ပို့လ၊ ဩဂုတ် ၁၃ ရက်၊ တောင်ကြီး
ရှမ်းတောင် တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက်မှာ စစ်မူထမ်း အပတ်စဉ် (၁) မှာ အတင်းအဓမ္မ ခေါ်သွားခံရသူ တစ်ဦး ရှေ့တန်းမှာ သေဆုံးပြီး မိသားစုထံ ၆ လအကြာမှ အကြောင်းကြားလာခဲ့တယ်လို့ တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် မောင်ချမ်းမြေ့အောင်ဟာ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက်မှာ ဟိုပုံးစစ်သင်တန်းကျောင်းကို စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းဆင်းတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၆ လအကြာမှာတော့ တိုက်ပွဲထဲမှာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့က သူ့အမေကို လိမ်ပြီး သူ့ကို ရပ်စောက်ဘက် ပို့ခဲ့တာ။ တကယ်တော့ ရပ်စောက်ကနေ ဟိုပုံးဘက်ကို ပြန်ပို့ဆောင်ခံခဲ့ရတာ။ ရက်တိုသင်တန်းပေးခံရပြီး စစ်မှုထမ်း အပတ်စဉ် (၁) မှာ ပါသွားတယ်။ ရှမ်းမြောက် ရှေ့တန်းတိုက်ပွဲမှာ ကျတယ်လို့ ပြောတာပဲ”
အဆိုပါ သေဆုံးမှုအကြောင်းကိုလည်း တောင်ကြီးမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် မိသားစုထံ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အကြောင်းကြားလာတာ ဖြစ်ပြီး မနေ့၊ သြဂုတ်လ ၁၂ ရက်မှာတော့ ၎င်းရဲ့ နာရေးကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲမှာ သေသွားသူရဲ့ နာရေးစရိတ်ကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက အပြည့်မပေးဘဲ ဖြတ်စားခဲ့တယ်လို့ ဆိုပါတယ်။
“စစ်တပ်က စစ်မူထမ်းစရိတ်ကို ဝင်တာနဲ့ ပေးတာပေါ့။ သေသွားရင် နာရေးစရိတ်က သပ်သပ် ပေးတယ်။ အထက်က သိန်း ၅၀ ပေးတယ်။ အုပ်ချုပ်ရေးမှူးတွေက ၄၂ သိန်းကို အိတ်ထဲထည့် ၈ သိန်းကို မိသားစုဆီ သွားပေးတာ။ ဒါပေမဲ့ ကာယံကံရှင် မိသားစုက ဘယ်တော့မှ မရကြဘူး။ ရမယ်ဆိုတာကိုလည်း မသိကြဘူး”
တောင်ကြီးမြို့မှာရှိတဲ့ ကျောင်းကြီးစုရပ်ကွက်၊ ရတနာသီရိ၊ ကံသာ၊ စိန်ပန်း၊ ညောင်ဖြူစခမ်း၊ ချမ်းမြသာစည် စတဲ့ ရပ်ကွက်တွေမှာ နည်းမျိုးစုံနဲ့ စစ်မူထမ်း ခေါ်ခံရတဲ့ လူငယ်တွေကို ရှေ့တန်းမှာ အများအပြား သေဆုံးခဲ့တာရှိပြီး စစ်တပ်ဘက်က မိသားစုထံ အချိန်နဲ့ တပြေးညီ အကြောင်းကြားတာ မရှိဘူးလို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။