ပို့လဘား၊ ဩဂုတ် ၉ ရက်၊ ကွတ်ခိုင်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ထဲ ဖမ်းဆီးရမိခဲ့တဲ့ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၆ ဦးကို တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့က တရုတ်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။
ကျားဖြန့်ဂိုဏ်းတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က ကွတ်ခိုင်မြို့နယ် ရှောက်ဟော်ရွာမှာ ကွတ်ခိုင်မြို့နယ် တအာင်းရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး မနေ့ ဩဂုတ် ၈ ရက်မှာတော့ နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့က နယ်စပ်ဂိတ်ကနေ တရုတ်ဘက် လွှဲပြောင်းပေးခဲ့တယ်လို့ နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ကွတ်ခိုင်ဘက်က ရဲတွေ သတင်းရလို့ သူတို့ကို သွားဖမ်းမိတာ။ ကွက်ခိုင်ကနေ နမ့်ခမ်းဘက်ကို သူတို့က မနေ့မှ လာပို့တာ။ နမ့်ခမ်းဘက် ရောက်တာနဲ့ မနေ့မှာပဲ တရုတ်တွေဆီမှာ လွှဲပြောင်းပေးလိုက်တယ်” လို့ နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ ကွတ်ခိုင်မြို့နယ် ရှောက်ဟော်ရွာမှာ အခြေချပြီး လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားတွေဟာ ကျန်းထန်ဟွေး၊ ကျန်းဟောင်း၊ ကျုံးစုံဆူး၊ ကျုံးနီ၊ ကျုံးအောက်ပေါ်၊ ကျူံးချူံပင်း၊ မာဖမ်း၊ ဝမ်းယာန်ကွင်း၊ ဟူးလေ့ရှမ်း၊ ဝိကျောက်ရွံ့၊ ရိန်းကျိန်းဖျင့်၊ ဝမ်ရှိန်ယဲ၊ ဟော်လျှင်လီ၊ လျံလျောက်၊ ရှီကျိမ်ရွင်နဲ့ လီစေဖျင့်တို့ ဖြစ်တယ်လို့ တအာင်းတပ်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကလည်း နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ စတဲ့မြို့တွေမှာ ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ကိုင်သူ ၁၂ ဦးကို တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့က တရုတ်ထံ လွှဲပြောင်းပေးခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။