အွန်လိုင်းပေါ်ကနေ ငွေးချေးပေးကာ အတိုးများများရမယ်ဆိုပြီး ငွေကြေးလိမ်လည်တာ၊ မဲပေါက်တယ်ဆိုပြီး ငွေကြေးလိမ်လည်တာနဲ့ အစုရှယ်ယာတွေ ရမယ်ဆိုပြီး ရင်းနှီးမြှုပ်နှံဖို့ခေါ်ကာ ငွေကြေးလိမ်လည်တာ စတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ငွေကြေးလိမ်လည်တဲ့ နည်းလမ်းတွေ အမျိုးမျိုးရှိခဲ့ပါတယ်။
အခုလို ငွေကြေးလိမ်လည်တဲ့ နည်းလမ်းတွေကို အများစုက သတိထားမိလာတာကြောင့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ငွေကြေးလိမ်လည်တဲ့ နည်းလမ်းအသစ်တွေကို ပြုလုပ်လာကြပါတယ်။
တအာင်းဒေသ နမ့်ဆန်မြို့နယ်မှာ ကြုံနေကြတာကတော့ ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေကို ပစ်မှတ်ထားပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်တာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောကြပါတယ်။
ရွှေဖီမြေမှ စကားပြောခွင့်ရတဲ့ ငွေကြေးလိမ်လည်ခံရသူ ၂ ဦးရဲ့ အပြောအရ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ Mcct Protection In Myanmar
ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးထောက်ပံ့ကြေး Facebook Page ကို ဖွင့်ပြီး ငွေကြေးလိမ်လည်တာ ဖြစ်ပါတယ်။
ကလေးမိခင်နဲ့ ကိုယ်ဝန်ဆောင်တွေကို ပစ်မှတ်ထားတဲ့ Mcct Protection In Myanmar ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးထောက်ပံ့ကြေး Facebook Page ရဲ့ ငွေလိမ်တဲ့ နည်းလမ်းတွေကို ငွေလိမ်ခံရတဲ့သူတွေရဲ့ ပြောပြချက်ကို အခြေခံပြီး ရှင်းပြပေးထားပါတယ်။
ငွေကြေးလိမ်လည်တဲ့ ယန္တရား
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်မှာ ကလေးမိခင်တွေအနေနဲ့ ထောက်ပံ့ကြေးရဖို့ လာရောက်လျှောက်ထားဖို့ Mcct Protection In Myanmar ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးထောက်ပံ့ကြေး Facebook Page ကနေ ကြေညာခဲ့ပါတယ်။
သူတို့ရဲ့ ကြေညာချက်ထဲမှာ လျှောက်ထားသူတွေအနေနဲ့ လူဦးရေကန့်သတ်ထားတာကြောင့် messenger ကနေတစ်ဆင့် အမြန်လျှောက်ကြဖို့နဲ့ ဝေးလံတဲ့ ဒေသတွေမှာ K-pay၊ Wave Pay ကနေတဆင့် ထောက်ပံ့ကြေး ထုတ်ယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အရင်ဆုံး လာလျှောက်သူတွေကို ၂ နှစ်အောက် ကလေးမိခင်တွေအနေနဲ့ မှတ်ပုံတင်၊ မွေးစာရင်း၊ မှတ်ပုံတင်နဲ့ မိခင်ပုံတွေ လိုအပ်ပြီး ကိုယ်ဝန်ဆောင်ဆိုရင် ကိုယ်ဝန်ဆောင်စာအုပ် လိုအပ်ကြောင်း ပြောပါတယ်။
အဲနောက်မှာ လျှောက်ထားသူတွေ ပေးလို့လာတဲ့အချက်အလက်တွေကို ကြားခံကိုယ်စားလှယ်တစ်ဦးက ဖြည့်သွင်းပေးရတာကြောင့် ဖောင်ဖြည့်ကြေးဆိုပြီး K-pay က ငွေတစ်သောင်းခွဲ အရင်လွှဲခိုင်းပါတယ်။
ထောက်ပံ့ကြေးကို ၁ ကြိမ်မှာ ၃၆၅,၀၀၀ ကျပ်ရမှာဖြစ်ပြီး ထောက်ပံကြေး လစဥ်ရရှိဖို့ ထပ်မံစီစစ်ပေးမှာဖြစ်ပြီး စစ်ချက်အရ နောက်တစ်ကြိမ်ပြန်ရမရ ထပ်မံ အကြောင်းပြန်မယ်ဆိုပြီး အကြောင်းပြန်ပါတယ်။
ဒါပေမဲ့ ပထမတစ်ကြိမ်ရမယ့် ထောက်ပံ့ကြေးကို မလွှဲပေးဘဲ ထောက်ပံ့ကြေး ၂ လစာရတယ်ဆိုပြီး ၂ လစာအတွက် ၉ သိန်းကျပ်ရမယ်လို့ ဆိုကာ ပြန်လည်အကြောင်းပြန်ခဲ့ပါတယ်။
ထောက်ပံကြေး ၉ သိန်းကျပ်ရဖို့ ကြားခံကိုယ်စားလှယ်အတွက် ၁၃၅,၀၀၀ ကျပ် ပေးရမယ်ဆိုပြီး အဲငွေအရင်လွှဲပြီးမှ ငွေထုတ်လို့ရမယ်လို့ ဆိုပါတယ်။
ငွေလိမ်ဂိုဏ်းတွေ တောင်းတဲ့ငွေ ၁၃၅,၀၀၀ ကျပ်ကို လွှဲပြီးတဲ့နောက်မှာ ထောက်ပံ့ကြေးပေးမယ်ဆိုတဲ့ ငွေပမာဏကို မပေးဘဲ ထောက်ပံငွေတွေ ထပ်ရကြောင်း အကြောင်းပြန်ပြီး ဖောင်ဖြည့်ကြေးတွေကို K-pay ကနေ လွှဲပေးဖို့ အကြိမ်ကြိမ် စာပို့ခဲ့ပါတယ်။
နောက်ထပ်ငွေတွေ မလွှဲပေးရင် အရင်ကထည့်ထားတဲ့ ငွေတွေကို ဆုံးရှုံးရမယ်ဆိုပြီး ခြိမ်းခြောက်ကာ ကလေးမိခင်တွေကို ငွေပြန်လွှဲပေးဖို့ ဆိုပြန်ပါတယ်။
အဲဒီနောက် ငွေထုတ်ဖို့ ငွေလွှဲမန်နေဂျာရဲ့ Viber နံပါတ်ကို ပို့လားပြီး ဆက်သွယ်ခိုင်းကာ ငွေထုတ်ရမယ့် ကုဒ်ကိုပေးပြီး ငွေထုတ်ဖောင်ဖြည့်သွင်းပြီးကြောင်း ပြောခိုင်းပါတယ်။
အဲနောက်ပိုင်းမှာ ထောက်ပံ့ကြေးအတွက် ငွေလွှဲပေးရမဲ့ K-pay နံပါတ်ကို ပို့ခိုင်းပြီး ငွေလိမ်ခံရတဲ့သူတွေရဲ့ အကောင့်ကို ဘလော့လိုက်ပြီးနောက် ငွေတွေကို လိမ်လည်သွားတာ ဖြစ်ပါတယ်။
နောက်ယန္တရားတစ်ခုကတော့ ကလေးမိခင်တွေကို အယုံသွင်းဖို့ ငွေထုတ်ခဲ့တဲ့ ကလေးမိခင်အဖြစ် လိမ်လည်ထားတဲ့ Facebook အကောင့်ကို အဲငွေလိမ်ဂိုဏ်းတွေက မိတ်ဆက်ပေးပြီး ငွေတကယ့်ထုတ်လို့ ရမရ မေးကြည့်ခိုင်းပါတယ်။
ကလေးမိခင်အဖြစ် ဟန်ဆောင်ထားတဲ့ ငွေလိမ်သူဟာ သူ့မတကယ် ထုတ်ယူလို့ရကြောင်း၊ သတ်မှတ်ထားတဲ့ ငွေပမာဏကို ပေးသွင်းပြီးမှ ထုတ်ယူလို့ ရကြောင်း ကလေးမိခင်တွေကို အယုံသွင်းခဲ့ပါတယ်။
ရွှေဖီမြေက စကားပြောခွင့်ရတဲ့ ငွေလိမ်ခံရသူတွေထဲက တအာင်းဒေသ နမ့်ဆန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၀ နှစ်အရွယ် ကလေးမိခင်တစ်ဦးက ၁၅ သိန်းအထိ အလိမ်ခံရပါတယ်။
နမ့်ဆန်မြို့နယ်မှာ နေထိုင်တဲ့ နောက်ထပ်ကလေးမိခင်တစ်ဦးကလည်း ၆ သိန်းခွဲကျပ် အလိမ်ခံရပြီး ငွေလိမ်တဲ့နည်းလမ်းက တူပေမဲ့ လိမ်ခံရတဲ့ ပမာဏက မတူကြပါဘူး။
ငွေလိမ်ခံရတဲ့ ကလေးမိခင်တချို့ဟာ ငွေထပ်မလွှဲရင် အရင်က လွှဲထားတဲ့ငွေတွေ ဆုံးရှုံးရတော့မှာဆိုတဲ့ ငွေလိမ်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုကြောင့် ငွေတွေထပ်လွှဲရင်း ငွေလိမ်ခံရတဲ့ ပမာဏများလာတာ ဖြစ်ပါတယ်။
ငွေလိမ်ဂိုဏ်းတွေသုံးတဲ့ Mcct Protection In Myanmar ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးထောက်ပံ့ကြေး Facebook Page ကို လေ့လာကြည့်ခြင်း
ငွေလိမ်ဂိုဏ်းတွေသုံးတဲ့ Mcct Protection In Myanmar ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးထောက်ပံ့ကြေး Facebook Page ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်မှာ စတင်ဖွင့်ထားတာ တွေ့ရပါတယ်။
Facebook Page ကို စဖွင့်ချိန် Thae Su Nyein Official Fan နာမည်နဲ့ ဖွင့်လှစ်ထားပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ Mcct Protection In Myanmar ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးထောက်ပံ့ကြေးအဖြစ် ပြောင်းလဲခဲ့တာ တွေ့ရပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေကို ထောက်ပံ့ပေးမယ်ဆိုတဲ့ ငွေလိမ်ဂိုဏ်းတွေ သုံးတဲ့ Mcct Protection In Myanmar ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးထောက်ပံ့ကြေးရဲ့ ကြေညာချက်မှာ ထောက်ပံ့ကြေးရဖို့ လျှောက်ချင်ကြောင်း မှတ်ချက်ပေးသူတွေ ရာနဲ့ချီ တွေ့ရပြီး messenger ကနေ လာပြောဖို့ မှတ်ချက်ပေးတဲ့ သူတိုင်းကိုလည်း အကြောင်းပြန်ထားတာ တွေ့ရပါတယ်။
ငွေလွှဲခိုင်းရာမှာ ငွေလိမ်ဂိုဏ်းတွေဘက်က K-pay နံပါတ် 09980410526 (Ma Ei Ei Thin) အသုံးပြုတာ တွေ့ရပြီး ငွေလိမ်ခံရတဲ့သူတိုင်း ငွေလွှဲပေးဖို့ အဲ K-pay နံပါတ်ကိုပဲ သုံးထားတာ တွေ့ရပါတယ်။
ငွေလိမ်နည်း မျိုးစုံနဲ့ ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ
ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လူတန်းစားမျိုးစုံကို ပစ်မှတ်ထားပြီး ငွေလိမ်နည်းတွေ အမျိုးမျိုး အသုံးပြုကာ ငွေကြေးလိမ်လည်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာလည်း KLFB ဆိုတဲ့နာမည်နဲ့ Online ရင်းနှီးမြှုပ်နှံမှု ဆော့ဝဲလ် (Application) တစ်ခုက ၁ သောင်းရင်းနှီးရင် ၁ လအတွင်း ၂ ဆရမယ်ဆို
ပြီး ရင်းနှီးမြှုပ်နှံသူ ၆ သိန်းကျော်ရဲ့ ငွေပေါင်း သိန်းသောင်းချီကို လိမ်လည်သွားခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါတယ်။
ငွေလိမ်ခံရတဲ့ ကလေးမိခင်တွေကတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ သားကောင်မဖြစ်ဖို့ သတိထားစေချင်တယ်လို့ ပြောကြပါတယ်။
“ထောက်ပံ့ကြေးရမယ်ဆိုပြီး မက်မောလို့ အကုန်ရှုံးလိုက်ပြီ။ အလကားဆိုတာ ဘာမှမရဘူး” လို့ ငွေ ၁၅ သိန်း အလိမ်ခံရတဲ့ ကလေးမိခင်တစ်ဦးက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။