မိုင်းအရှိုင်း၊ ဩဂုတ် ၈ ရက်၊ ပန်ဆန်း
စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရှမ်းပြည်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ဦးအောင်အောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ “ဝ”ပြည် ပန်ဆန်းမြို့မှာ “ဝ”တပ်မတော်- UWSA နဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
ဝန်းကြီးချုပ် ဦးအောင်အောင်နဲ့အတူ ရှမ်းအရှေ့က တြိဂံစစ်ဒေသ တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်က မနေ့ ဩဂုတ် ၆ ရက်မှာ ပန်ဆန်းသို့ ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။
သတင်းရင်းမြစ်တစ်ဦးက “ပန်ဆန်းမှာ တြိဂံစစ်ဒေသ တိုင်းမှူးနဲ့ ရှမ်းပြည်နယ် ဝန်းကြီးချုပ် လာသွားတာ ဟုတ်တယ်” လို့ ဩဂုတ် ၆ ရက်မှာ ရွှေဖီမြေကို ပြောပါတယ်။
တွေ့ဆုံရာမှာ ကျန်းမာရေး၊ ပညာရေးနဲ့ အခြားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်တယ်လို့ ဦးအောင်အောင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ “ဝ”လူငယ့်အသံ- Wa News Land မှာ ဖော်ပြထားပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေနဲ့ ပက်သက်ပြီး ဆွေးနွေးခြင်း ရှိမရှိကိုတော့ နှစ်ဖက်အဖွဲ့အစည်းက ထုတ်ပြန်တာ မရှိသေးပါဘူး။
UWSP/UWSA ဟာ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ- FPNCC ရဲ့ ဥက္ကဌနေရာ ယူထားသလို စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖိုရမ်ကိုလည်း တက်ရောက်ထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။