အိုက်ပွီး၊ သြဂုတ် ၇ ရက်၊ ဟားခါး
ချင်းပြည်နယ် ဟားခါးမြို့လယ်မှာ ဒီနေ့ သြဂုတ် ၇ ရက် နေ့လယ် ၁၁ နာရီခန့်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီး တိုက်ခိုက်ခံရပြီး ရဲအရာရှိတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“နေ့ခင်း ၁၁ နာရီလောက်က ဟားခါးမြို့လယ်မှာ တိုက်ခိုက်ခံရတာပါ။ ဒုရဲအုပ်တစ်ဦး ပြင်းထန်ဒဏ်ရာရပြီး ရဲစခန်းကို ကားမောင်းထွက်သွားပေမဲ့ လမ်းမှာ ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်” လို့ ဟားခါးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒါ့အပြင် ဟားခါးမြို့မှာ ဒီနေ့လယ်က နေရာအနှံ့ သေနတ် ပစ်ခတ်သံ၊ လက်နက်ကြီးသံတွေ အဆက်မပြတ် ကြားနေရတယ်လို့ ဆိုပါတယ်။
“နေ့လယ်လောက်က မြို့ထဲမှာ လက်နက်ကြီး ပစ်သံတွေ ကြားနေရတယ်။ ဘယ်နေရာမှာ တိုက်ပွဲ ဖြစ်တာလဲ မသိဘူး။ သေနတ်သံတွေလည်း ကြားနေရတယ်။ အခုတလော ဟားခါးမှာ သေနတ် ပစ်ခတ်သံတွေ နေ့တိုင်းလိုလို ကြားရပါတယ်” လို့ နောက်ထပ် ဟားခါးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒီနေ့ နေ့လယ် ပစ်ခတ်မှုဟာ ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမှာ မြို့ပြတော်လှန်ရေး အရှိန်မြင့်လာနေတာကို ဖော်ပြနေသလို စစ်ရေး တင်းမာမှု အရှိန်မြင့်တက်နေတယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ်- CHRO က ထုတ်ပြန်ထားပါတယ်။
အဲဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး CDF-Hakha က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ် ၃ ရက် ညကလည်း ဟားခါးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် လိုက်ပါလာတဲ့ ကားကို CDF-Hakha က တိုက်ခိုက်ခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။