ရဲမာန်၊ ဩဂုတ် ၇ ရက်၊ တနင်္သာရီ
တနင်္သာရီတိုင်း ညောင်ပင်ကွင်းရွာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို မြက်ရိတ်ဓားနဲ့ ရိတ်မိရာကနေ ပေါက်ကွဲခဲ့တာကြောင့် ဘန်လောရွာခံတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဩဂုတ် ၆ ရက် မနက် ၉ နာရီဝန်းကျင်မှာ စာသင်ကျောင်းအနီး ရာဘာကိုင်းဖြတ်ဖို့ မြက်ရှင်းရင်း ဖြစ်ပွားခဲ့တာလို့ ဒေသခံအမျိုးသမီးက ရွှေဖီမြေကို ပြောပါတယ်။
“မနေ့က စာသင်ကျောင်းရှေ့မှာ ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေတုန်း ဝုန်းခနဲအသံကြားတော့ ကိုယ်ကလည်း လက်နက်ကြီးဆိုပြီး မောင်းပြေးသွားတာ။ ခဏကြာတော့ နွားတွေ တအား ပြေးထွက်လာ မီးခိုးတွေ ထွက်လာ ငိုသံတွေကြားမှ သွားကြည့်တော့ လူထိသွားပြီ”
လက်နက်ကြီးကြောင့် သေဆုံးသွားသူဟာ အသက် ၁၉ နှစ်အရွယ်ရှိတဲ့ အာကာဖြိုးဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီညောင်ပင်ကွင်းရွာမှာ လက်နက်ကြီးနဲ့ ဒရုန်းတွေကို အချိန်မရွေး ပစ်ခတ်မှု ရှိတာကြောင့် ရွာအတွင်း လူနေထိုင်မှု နည်းပါးလာတယ်လို့ ၎င်းက ပြောပါတယ်။
နေ့စဉ်လိုလို တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက်မှုလည်း မကြာခဏ ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။