ပို့လဘား၊ ဩဂုတ် ၆ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံဖြစ်တဲ့ Tarlin Mgက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဩဂုတ် ၅ ရက် ည ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဖားကန့်ဗျူဟာကုန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ရှရောခကျေးရွာက အမျိုးသားတစ်ဦးနဲ့ ယူမာကျေးရွာက ဒေသခံ ၂ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“မနေ့ည သူတို့ပစ်လာတာ မရှေးမနှောင်းပါပဲ။ ရှရောခဘက်ကို အရင်ပစ်တာ။ တစ်နာရီလောက်ပဲခြားတယ် ယူမာဘက် ပြန်ပစ်လိုက်တယ်။ ယူမာကျေးရွာမှာ နှစ်ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရတယ်။ ရှရောခကျေးရွာကတော့ တစ်ဦးသေတယ်။ အိမ်တစ်လုံးလည်း မီးလောင်သွားတယ်” လို့ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်ကလည်း ဖားကန့်မြို့ မျောက်ဖြူကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လိုက်တာကြောင့် ၅ နှစ်အရွယ်ကလေးတစ်ဦးနဲ့ ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်မှာလည်း စစ်ကောင်စီတပ်က ဖားကန့် ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ရှရော်ခကျေးရွာက အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး ရှရော်ခကျေးရွာက ဒေသခံ ၁ ဦးနဲ့ ဆန်းကြွယ်ကျေးရွာက ဒေသခံ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိမှာလည်း ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူပေါင်းတပ်တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။