ရွှေဖီမြေ၊ ဩဂုတ် ၅ ရက်
(၁၂)အရွယ် ကလေးထိန်း အမျိုးသမီးငယ်ကို နှိပ်စက်ခဲ့သူ၂ ဦးကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ရဲ့ တရားရေးဌာနက ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်ခဲ့တယ်လို့ ‘ဝ’သတင်းတွေကိုဖော်ပြနေတဲ့ WSP က မနေ့ ဩဂုတ် ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ Zhao Yanyi နဲ့ Ye Ga တို့ ၂ဦးဟာ မီးဖိုချောင်သုံး ဓား၊ သစ်သားတုတ်၊ တူနဲ့ အခြားကရိယာပစ္စည်းတွေကို အသုံးပြုပြီး အသက် ၁၂ နှစ်အရွယ် ကလေးထိန်း Xiaoxiang ကို အကြိမ်ကြိမ် နှိပ်စက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို အကြိမ်ကြိမ်နှိပ်စက်ခဲ့တာကြောင့် Xiaoxiang ရဲ့ ဦးခေါင်းမှာ ဒဏ်ရာရတာ၊ နံရိုးနှစ်ဖက်နဲ့ခါးရိုးကျိုးတာနဲ့ သွေးအားနည်းရောဂါ အပါအဝင် ခန္ဓာကိုယ်အနှံမှာ ဒဏ်ရာတွေရစေခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အရွယ်မရောက်သေးသူတွေရဲ့ ရပိုင်ခွင့်နဲ့ အကျိုးစီးပွားကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တဲ့ Zhao Yanyi ကို ထောင်ဒဏ် ၁၆ နှစ်နဲ့ Ye Ga ကို ထောင်ဒဏ် ၂၀ နှစ်၊ မီးနဲ့ လက်နက်ပိုင်းဆိုင်ရာတရားမဝင်နစ်နာကြေး တရုတ်ယွမ်ငွေ ၃၀၀၀၀ ပေးဆောင်ဖို့ အမိန်းချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် UWSA ဟာ ကလေးသူငယ်တွေအပေါ် ပြစ်မှုကျူးလွန်တာတွေကို လုံးဝသည်းမခံတဲ့ မူဝါဒကို အကောင်အထည်ဖော်ပြီး မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ ရာဇဝတ်ကွင်းဆက်တွေကို ပြတ်ပြတ်သားသားဖြတ်တောက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။