ရွှေဖီမြေ၊ သြဂုတ် ၄ ရက်၊ သိန္နီ
စစ်တပ်ပြန်တောင်းနေတဲ့ ရှမ်းမြောက် သိန္နီမြို့ဟာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အလွန်အရေးပါတယ်လို့ ကိုးကန့်တပ်မတော် MNDAA ကဒီနေ့ သြဂုတ်လ ၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
သိန္နီမြို့နယ်မှာ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးအတွက် MNDAA ရဲ့ အခွန်ဌာနက စစ်ဆေးရေးဂိတ် ၆ ခု ဖွင့်လှစ်ထားပြီး ၂၄ နာရီအတွင်း ဖြတ်သန်းသွားလာနိုင်ဖို့ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
သိန္နီဘက်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်ကို စပါး၊ ပဲအပါအဝင် စိုက်ပျိုးရေးထုတ်ကုန်နဲ့ တိရိစ္ဆာန်တွေကို တင်ပို့ပြီး လစဥ်ဖြတ်သန်းသွားလာတဲ့ ယာဥ် ထောင်ချီရှိတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
တရုတ်ဘက်ကနေ မြန်မာပြည်ဘက်ကို ဆောက်လုပ်ရေးပစ္စည်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို အဓိက တင်သွင်းပြီး လစဥ် ကားအစီးရေ ၂၀၀ ကနေ ၃၀၀ အထိ တင်သွင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မူဆယ် (၁၀၅) နယ်စပ် မိုင်ကုန်သွယ်ရေးဇုန်ကို ညီနောင်မဟာမိတ် (၃) ဖွဲ့က ထိန်းချုပ်ထားပြီး ချင်းရွှေဟော်နယ်စပ်ဂိတ်ကို MNDAA ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
သိန္နီမြို့ဟာ တရုတ် – မြန်မာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ သိန္နီ – ချင်းရွှေဟော် နယ်စပ်ဂိတ်နဲ သိန္နီ – မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်မှာ သိန္နီမြို့ကို စစ်ကောင်စီတပ်ထံ ပြန်ပေးဖို့ လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ မအောင်မြင်ဘူးလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
အဲနောက်ပိုင်း တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် MNDAA နဲ့ စစ်ကောင်စီအကြား ဆွေးနွေးမှုထပ်ရှိနေပြီး ဆွေးနွေးမှုရလဒ်ကိုတော့ မသိရသေးပါဘူး။
သိန္နီမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ကိုးကန့်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်မှာ ဆုတ်ခွာခဲ့ရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။