ယာရူစိင်၊ ဇူလိူင် ၄ ရက်၊ မြောက်ဦး
ရခိုင်ပြည် မြောက်ဦးမြို့နယ်မှာ ကလေးငယ်တွေ ကောက်လာတဲ့ လက်ထောက်ဗုံးပေါက်ကွဲပြီး ကလေးငယ် ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဖြစ်စဉ်ဟာ မနေ့ ဩဂုတ် ၃ ရက် ညနေ ၂ နာရီခွဲက မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာမှာ ကလေးငယ်တွေဟာ လက်ထောက်ဗုံး ဆော့ကစားရာကနေ ဗုံးပေါက်ကွဲမှုဖြစ်ပွါးလို့ ကလေးငယ် ၁ ဦးသေဆုံးခဲ့ရပါတယ်။
“သူတို့ အဲဗုံးသီးကို ဘယ်ကနေကောက်လာမှန်း မသိတော့ဘူး။ ဒဏ်ရာရတဲ့ ၄ယောက်တော့ တစ်ယောက်က ခြေနှစ်ဖက်လုံး ဖြတ်လိုက်ရတယ်။ နောက်တစ်ယောက်ကျ ကျောက်ကပ်ထိသွားလို့ ဗိုက်ခွဲရမှာ။ ကျန်တဲ့နှစ်ယောက်ကတော့ အစမှန်တာပေါ့နော်။ သေဆုံးတဲ့ ကလေးကျ ဝေသာလီရွာဘက်ကို သူအမေတို့နဲ့ လာလည်ကြတာပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
သေဆုံးခဲ့ရတဲ့ ကလေးငယ်ဟာ အသက် ၄ နှစ်အရွယ်သာရှိပြီး မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာက ဒေသခံဖြစ်တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိတဲ့ ကလေးငယ်တွေတော့ အသက် ၄ နှစ်အရွယ် မောင်ဖြိုးငြိမ်းနိုင်၊ အသက် ၁၁ နှစ်ဝန်းကျင်အရွယ် မောင်ကောင်းမြတ်ထက်၊ မောင်မျိုးဝင်းဦးနဲ့ မောင်ခိုင်ငြိမ်းဇော် ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။