လွေးဇွန်မိုး၊ သြဂုတ် ၄ ရက်၊ နမ့်ဆန်
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်၊ ဆမ်ငံကျေးရွာက အမျိုးသမီးတစ်ဦးဟာ မူဆယ်မှာ အလုပ်လုပ်ဖို့ သွားရာကနေ ၇ လကျော်ကြာ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဆမ်ငံကျေးရွာနေထိုင်တဲ့ မဖြိုးဖြိုးဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာကတည်းက သူငယ်ချင်းနဲ့အတူ မူဆယ်မှာ အလုပ်သွားလုပ်ဖို့ တက်သွားရာကနေ အဆက်အသွယ်ပြတ်သွားတာလို့ ၎င်းနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“နမ့်ဆန်က သူငယ်ချင်းတွေနဲ့ တက်သွားတာ။ မူဆယ်ရောက်တော့ အဆက်အသွယ်ရသေးတယ်။ တစ်ရက် နှစ်ရက်။ မူဆယ်မှာ နေတော့မနေဖူးဘူး။ ပထမအခေါက်ပဲ ရှိသေးတယ်။ သူမူဆယ်တက်ပြီး တရုတ်ပြည်ထဲဝင်သွားတာလား မသိဘူး။ အဆက်အသွယ်လည်း မရဘူး”
မဖြိုးဖြိုးဝင်းဟာ မူဆယ်ကို ပထမဦးဆုံးအကြိမ် အလုပ်သွားလုပ်တာကြောင့် လမ်းမှာ ဖမ်းဆီးခံရတာနဲ့ လူကုန်ကူးခံရမှာကို မိသားစုဝင်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
အလားတူ လားရှိုးကနေ ပြင်ဦးလွင်ကိုသွားတဲ့ အမျိုးသားတစ်ဦး တစ်လနီးပါးကြာတဲ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေသလို လားရှိုးကနေ တွင်းငယ်ကိုသွားတဲ့ အမျိုးသားတစ်ဦးလည်း ၁၀ ရက်ကြာ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။