မိုင်းအရှိုင်း၊ ဩဂုတ် ၂ ရက်၊ တန့်ယန်း
ရှမ်းမြောက် တန့်ယန်းမြို့မှာ “ဝ”တပ်ဖွဲ့ UWSA နာမည်နဲ့ ဓားပြတိုက်နေတဲ့ သူခိုးဂိုဏ်းတွေကို “ဝ” ရဲ့ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်နက်အများအပြားနဲ့ သူခိုးဂိုဏ်းအဖွဲ့ဝင် ၁၇ ဦးကို မနေ့မှာ ဖမ်းဆီးရမိတာလို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ဒီနေ့ ဩဂုတ် ၂ ရက်မှာ ရွှေဖီမြေကို ပြောပါတယ်။
“တန့်ယန်းနယ်မှာ ခိုးဆိုးလုနှိုက်လုပ်နေတဲ့ အဖွဲ့ဂိုဏ်း ၁၇ ယောက်ကို မိမိတို့ လုံခြုံရေးတပ်ဖွဲ့မှ ဒေသခံပြည်သူ သတင်းပေးမှုဖြင့် ဖမ်းဆီးရမိတယ်။ လက်နက်အချို့ဖမ်းမိ အသေးစိတ်တော့ မသိရသေးပါဘူး” လို့ ဆိုပါတယ်။
တန့်ယန်းမြို့ပေါ်မှာ ဒီနှစ်ပိုင်းထဲ ရွှေဆိုင်ဓားပြတိုက်ခံရတာတွေ နေအိမ်တွင်း ဝင်ရောက်ဓားပြတိုက်တာတွေပြီး ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယအပတ် တစ်ပတ်ထဲမှာတင် ရွှေဆိုင်ဓားပြတိုက်တာတွေ သုံးကြိမ်တိတိရှိခဲ့ပါတယ်။
တန့်ယန်းမြို့ဟာ စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက်ရှိနေတဲ့ ရှမ်းမြောက်မြို့တွေထဲက တစ်မြို့ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ “ဝ”တပ်ဖွဲ့ UWSA လည်း ဝင်ရောက်သွားလာ လှုပ်ရှားနေတာဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။