ရဲမာန်၊ ဩဂုတ် ၂ ရက်
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်လို့ ၅ စီး မီးလောင်ပျက်စီးတယ်လို့ မော်လိုက်ခရိုင် အမှတ် (၃) တပ်ရင်းက မနေ့ သြဂုတ်လ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မော်လိုက်ခရိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄ နဲ့ ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅၊ ၂၆ နဲ့ ၂၈ ရက်တို့မှာ စစ်ကိုင်းတိုင်း မော်လိုက်နဲ့ ဖောင်းပြင်မြို့နယ်ထဲက နေရာ ၂ ခုမှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“စစ်သင်္ဘော တိုက်သင်္ဘော ၁ စီး ကုန်တွေ စားနပ်ရိက္ခာတွေ လက်နက်ခဲယမ်းတွေ တင်တဲ့ဟာ၄ စီး။ မြှုပ်သွားတာမျိုးတော့ မဟုတ်ဘူး။ မီးလောင်ပျက်စီးသွားတယ်။ ကျွန်တော်တို့ဖက်က ထိခိုက်မှုတော့ မရှိပါဘူး။ မတိုက်ခိုက်ခင် လပိုင်းလောက်ကတည်းက ကြိုတင်ပြင်ဆင်ထားတာ” လို့ မော်လိုက်ခရိုင်အမှတ် (၃) တပ်ရင်းရဲ့ တာဝန်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ သေဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရသူ ၈ ဦးအထိ ရှိပြီး ဟုမ္မလင်းနဲ့ ဖောင်းပြင်ကြား ပစ်ခတ်ခိုက်တိုက်တဲ့ ဇူလိုင်လ ၂၈ ရက် ဖြစ်စဉ်မှာတော့ ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှု ပြုလုပ်နေစဉ်အတွင်း စစ်ကောင်စီတပ်မှ ၁၂၂ စက်အမြောက်အပါအ၀င် တခြားသော စက်အမြောက်ကြီးတွေနဲ့ ခုံခံကာကွယ်ပြီး ဂျက်ဖိုက်တာနဲ့လည်း လေကြောင်းပစ်ကူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။