အိုက်ပွီး၊ သြဂုတ် ၁ရက်၊ တမူး
စစ်ကိုင်းတိုင်း၊ တမူးမြို့ စီးပွားရေးဘဏ်မှာ ငွေသားတွေ ပြတ်လပ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် Non CDM ဝန်ထမ်းတွေအားလုံး နှစ်လကြာ လစာမရသေးဘူးလို့ Non CDM အသိုင်းအဝိုင်းဆီက သိရပါတယ်။
တမူးမြို့ စီးပွားရေးဘဏ်မှာ စစ်ကောင်စီက ပြီးခဲ့တဲ့ မေလကတည်းက ငွေသားတွေ မပို့ပေးနိုင်တာကြောင့် ဘဏ်မှာ ငွေသားတွေ ပြတ်လပ်နေပြီး Non CDM ဝန်ထမ်းတွေကို လစာ မထုတ်ပေးနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ပညာရေးဌာနတစ်ခုတည်း မဟုတ်ဘဲ စစ်သားတွေ၊ ရဲတပ်ဖွဲ့တွေလည်း လစာမရကြဘူး။ ဇွန်၊ ဇူလိုင်လ နှစ်လစာပါ။ ဘဏ်မှာ ငွေသားတွေ မပို့ပေးလို့ လစာတွေ မရသေးဘူးလို့ ပြောပါတယ်”လို့ Non CDM ပညာရေးဝန်ထမ်းတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
စစ်ကောင်စီက တမူးမြို့ကို ငွေသားတွေ ပို့ပေးရာမှာ လေကြောင်းကနေ ရဟတ်ယာဥ် အသုံးပြုပြီး ပို့ပေးတာကြောင့် ရဟတ်ယာဥ်လာမှ လစာရမယ်လို့ ဆိုပါတယ်။
တမူးမြို့ Non CDM ဝန်ထမ်းတွေဟာ လစာ နှစ်လစာ မရရှိတဲ့အတွက် လက်ရှိ ကုန်စျေးနှုန်းနဲ့ မိသားစုစားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေးစတဲ့ အထွေထွေကိစ္စရပ်တွေ ဖြေရှင်းရာမှာ ပိုမို အခက်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
“လစာမရဘဲ ရုံးတက်၊ ရုံးဆင်းက ပုံမှန်သွားနေရပါတယ်။ တမူးမြို့ ကုန်စျေးနှုန်းနဲ့ လစာမရဘဲ မိသားစု စားဝတ်နေရေးက ဘယ်လိုမှ အဆင်မပြေဘူး။ လစာက ဘယ်နေ့ရမလဲ။ ငွေက ဘယ်နေ့ရောက်မှာလဲ မသိဘူး။ ဒီအတိုင်းဆို ရေရှည်မလွယ်ဘူး။”လို့ Non CDM ပညာရေးဝန်ထမ်းတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဝန်ထမ်းအင်အားနည်းတဲ့ မြို့နယ်ထွေအုပ်ရုံးက ဝန်ထမ်းတွေတော့ ပုံမှန်လစာ ရကြတယ်လို့ သိရပါတယ်။
မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့အတွက် တမူးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရိက္ခာတွေ မရောက်အောင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့နှစ် ၂၀၂၄ နှစ်ကုန်လောက်ကတည်းက မြေပြင်လမ်းကြောင်းတွေကို ပိတ်ထားခဲ့ပါတယ်။
အခုရက်ပိုင်း တမူးမြို့အနီး ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ မကြာခဏ ထိတွေ့မူတွေရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။