ယာရူစိင်၊ ဩဂုတ် ၁ ရက်၊ ကန့်ဘလူ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် သာစည်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင်လ ၃၁ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်မှာ ကန့်ဘလူမြို့နယ် သာစည်ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“သာစည်ရွာမှာဆိုရင် တိုက်ပွဲဖြစ်ပွါးတာ မရှိပါဘူးဗျ။ လူအိပ်ချိန်မှာ လာကြဲသွားတာပါနော်။ သေဆုံးတဲ့ ၂ ယောက်က ကလေးငယ်နဲ့ သူ့အဖွားပါ။ သူတို့ အိမ်ပေါ်တည့်တည့်ကျတာပါ”လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၃ နှစ်ဝန်းကျင် ကလေးငယ် ၁ ဦးနဲ့ အသက် ၆၀ အရွယ် အဖွားအို ၁ ဦး သေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၂ ဦးတို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်ကလည်း ကန့်ဘလူအရှေ့ပိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွင့်လှစ်ထားတဲ့ ဆေးရုံဝင်းထဲကို စစ်တပ်က ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါဝင် ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၁ ရက်ကလည်း ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းကို စစ်တပ်က Y12နဲ့ ဗုံး ၃၉ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပေါက်ဆိတ်ကုန်းရွာက အမျိုးသား ၁ ဦးနဲ့ သင်တောရွာက အမျိုးသား ၁ ဦး သေဆုံးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။