မိုင်းရူပ၊ ဇူလိုင် ၃၀ ရက်၊ ကန့်ဘလူ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အရှေ့ပိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွင့်လှစ်ထားတဲ့ ဆေးရုံးတစ်ခု ဗုံးကြဲခံရပြီး ကလေးငယ်အပါအဝင် ၅ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
မနေ့ ဇူလိုင်လ ၂၉ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ ကန့်ဘလူအရှေ့ပိုင်းရှိ NUG ဖွင့်လှစ်ထားတဲ့ ဆေးရုံဝင်းထဲကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးကုသနေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အရပ်သားတွေပဲ သေတာ။ အသက်ကြီးကြီး အဘိုးအိုတစ်ဦး၊ အမျိုးသမီး တစ်ဦး၊ အမျိုးသား လူလတ်ပိုင်း တစ်ဦး၊ အသက် ၄ နှစ်အရွယ်က တစ်ဦး သေတယ်။ နောက်တစ်ယာက်က အမျိုးသားလား အမျိုးသမီးလား သေချာမသိရသေးဘူး” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဆေးရုံဟာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေကို အဓိက ဆေးကုသနေတဲ့ နေရာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ မိုင်းလုံနဲ့ ကွတ်ခိုင်မြို့တွေမှာလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၂ ရက်အတွင်း အရပ်သား ၁၁ ဦး သေဆုံးပြီး ၂၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရပါတယ်။
ဒါ့အပြင် မနေ့ ဇူလိုင်လ ၂၉ ရက်မှာလည်း မန္တလေး PDF ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှ ရဲစခန်းအပါအဝင် နေရာ ၃ ခုကို စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၂၄ ဦးနဲ့ ဒဏ်ရာရသူ ၃၀ နီးပါးရှိခဲ့ပါတယ်။
မနေ့ ဇူလိုင်လ ၂၉ ရက်နဲ့ ဒီနေ့ ဇူလိုင် ၃၀ ရက် ၂ ရက်အတွင်း ရှမ်းမြောက်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ အရပ်သား ၉၀ ကျော် ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။