မိုင်းရူပ၊ ဇန်နဝါရီ ၃ ရက်

တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်ဘက် ပို့မယ့် စက်သုံးဆီ ဂါလံ ၆ သောင်းကျော်အပြင် စက်သုံးဆီ ရောင်းချသူ ၁၇ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဇင်ရွာက ဆီ သိုလှောင်ထားတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်က ဝင်ရောက် စီးနင်းခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်က ဖမ်းဆီးရမိတဲ့အထဲ စက်သုံးဆီ ရောင်းချသူ ၁၇ ဦး၊ စက်သုံးဆီသယ်ယာဥ် ၂၂ စီးနဲ့ စက်သုံးဆီ ၆၀,၅၄၅ ဂါလံ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

တအာင်းတပ်မတော်- TNLA၊ ကချင်တပ်မတော်- KIA၊ ကိုးကန့်တပ်မတော်- MNDAA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်- PDF တွေ ထိန်းချုပ်ထားတဲ့ဒေသမှာ စက်သုံးဆီတွေ မရောက်အောင် စစ်ကောင်စီက ကန့်သတ်ထားတာလို့ ဆိုပါတယ်။

စစ်တပ်ဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က မြို့တွေအပါအဝင် နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားတဲ့ ဒေသမှာ ပြည်မကနေ စက်သုံးဆီနဲ့ စားသောက်ကုန် မရောက်အောင် ပိတ်ဆို့ကန့်သတ်မှု ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

လက်ရှိ ရှမ်းမြောက်မှာ TNLA, MNDAA နဲ့ KIA တို့ ထိန်းချုပ်ထားတဲ့ မြို့နယ်မှာ နေရာဒေသပေါ် မူတည်ပြီး စက်သုံးဆီ တစ်လီတာကို ၇ ထောင်ကျပ်ကနေ ၁ သောင်းကျော်အထိ စျေးမြင့်တက်နေပါတယ်။

“ကျနော် နောက်ဆုံး ထည့်ခဲ့ရတာ တစ်လီတာကို ၈ ထောင် ပေးရတယ်။ ခက်ခဲတာက လက်လုပ်လက်စား နေ့စားတွေပါ။ ဈေးကြီးလည်း ဝယ်သုံးနေကြတယ်” လို့ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ်မှ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မန္တလေးနဲ့ ရန်ကုန်လိုနေရာမှာ စက်သုံးဆီ တစ်လီတာကို ၃ ထောင်ကျပ်ဝန်းကျင်သာ ရှိပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်မှာတော့ စစ်တပ်ရဲ့ ကန့်သတ်ပိတ်ပင်မှုကြောင့် စက်သုံးဆီစျေး အဆမတန် မြှင့်တက်လာနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဘက်ကလည်း ရှမ်းမြောက်မှာ စက်သုံးဆီနဲ့ ကုန်ပစ္စည်း မဝင်နိုင်အောင် တရုတ်-မြန်မာနယ်စပ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ပင်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။