ရဲမာန်၊ ဇူလိုင် ၃၀ ရက်၊ အုတ်ဖို
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ချောင်းဂေါင်းအုပ်စု ဆယ်ရွာကနေ ဒေသခံတွေကို ဖမ်းဆီးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ မနေ့ ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက် ညနေ ၃ နာရီခွဲခန့်မှ အင်အား ၇၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ကို မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၄၈ ပေါက် ဖုတ်တက်ကြီး အနီးကားလမ်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
“၂၂ရက်နေ့က ဆယ်ရွာကိုဝင်စီးပြီး ပေါ်တာဆွဲလာတာ။ ၄၀လောက်ရှိမယ်။ အဲစဆွဲတုန်းကအမျိုးသမီးနဲ့ကလေးတွေပါတယ်။ ၂၃ရက်နေ့ မနက်မှာ ကလေးတွေနဲ့ အမျိုးသမီးတွေကို ပြန်လွတ်ပေးတာပါ” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရိုးမမြေက ပြောပါတယ်။
ဆယ်ရွာမှာ ပြည်သူတွေကိုဓားစာခံအဖြစ် ဖမ်းဆီးထားတုန်းက ဘယ်လိုမှ တိုက်ခိုက်လို့မရဘဲ ဇူလိုင် ၂၄ ရက်မှာတော့ စစ်ကောင်စီတပ်မှ မင်းလှဆည်ဘောင်က နေအိမ်တွေကို မီးရှို့ပြန်လာတဲ့အချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ၎င်းကပြောပါတယ်။
၎င်းတိုက်ပွဲမှာ မိနစ် ၂၀ ခန့်တိုက်ခဲ့ပြီး တိုက်ပွဲဖြစ်နေစဉ်အတွင်း ပြည်သူ ၇ ဦးထွက်ပြေးလွတ်မြောက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့မှလည်း စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ပြည်သူတွေကို ပေါ်တာဆွဲခြင်းနဲ့ မော်တော်ယာဉ်များကို ချောဆွဲခြင်းပြုလုပ်နေတာကြောင့် ရိုးမအတွင်း သွားလာခြင်းမပြုလုပ်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။