ရဲမာန်၊ ဇူလိုင် ၂၉ ရက်၊ ကလော
ရှမ်းတောင်၊ ကလောမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေတွေကြောင့် မြေနိမ့်ပိုင်းရပ်ကွက် ၃ခုမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်မှာ မိုးစတင်ရွာသွန်းပြီး နေ့ရောညပါ မတိတ်ဘဲ ရွာသွန်းနေတဲ့အပြင် ချောင်းတွေထပ်ချဲ့ထားတွေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားလာရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
“မိုးရွာတာ ၂ ရက်ဆက်တိုက် မိုးမတိတ်ဘူးလေ။ အဲ့ကြောင့် အပေါ်ပိုင်းက မြင်းဒိုက် တောင်လားဖက်က ပိုကြီးရင် ချောင်းပိုတက်တယ်။ ကလောမြို့က ချိုင့်ဝှမ်းလို့ဖြစ်တော့ တောင်ကြားတွေကစီးလာတဲ့ရေမှန်သမျှက မြို့လယ်ခေါင်ဆိုတော့ ရေအိုင်ကြီးလိုဖြစ်”
ကလောမြို့က မြေနိမ့်ပိုင်းရပ်ကွက်ဖြစ်တဲ့ ၂၊ ၃နဲ့ ၄ ရပ်ကွက် ၃ ခုမှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး မနေ့က ညနေမှာတော့ ရေပြန်ကျသွားပြီလို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
“မနေ့ညနေ လေးနာရီလောက်ကနေပြန်ကျသွားတာပါ။ အခုလဲ မိုးအကြီးကြီးရွာနေပါတယ်။ ချောင်းထဲမှာ ရေအခံကရှိနေတော့ ပြန်တက်လာမှာ စိုးရိမ်နေကြပါတယ်။ အခုရွာနေတဲ့ မိုးက တော်တော်လေးကြီးပါတယ်။ စိုးရိမ်စရာပါဗျာ”
ကလောမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာ ၁၁ ရက်က ရေကြီးပြီး မြေပြိုခဲ့တာကြောင့် လူအယောက် ၆၀ လောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနဲ့ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ လျှပ်စစ်လက်ခြင်းနဲ့ မိုးသီးကြွေခြင်းတို့ ဖြစ်လာနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ဇူလိုင် ၂၇ ရက်မှာ ကြိုတင် အသိပေးထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။