ခိုင်လေး၊ ဇန်နဝါရီ ၂ ရက်၊ ကျိုက်ထို
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ လက်ပံပင်သုဿာန် စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၂ ဦး သေဆုံးပြီး ၁ ဦးက ပြင်းထန်ဒဏ်ရာ ရခဲ့ကြောင်း ကျိုက်ထို တော်လှန်ရေး အင်အားစု- KRF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လက်ပံပင်သုဿာန် စစ်ဆေးရေးဂိတ်ကို ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းမှာ KRF တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“အရင်နှစ်တွေက ပြောခဲ့တဲ့အတိုင်း စစ်အာဏာရှင် မပြုတ်ကျမချင်းတော့ တော်လှန်သွားမှာပါ။ နှစ်တိုင်းလဲ ကြိုးစားနေကြဖြစ်ပြီး ဒီနှစ်မှာလည်း အရင်နှစ်တွေကထက် ပိုပြီး ကြိုးစားသွားမှာပါဗျ” ဆိုပြီး KRF မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။
KRF တပ်ဖွဲ့ကို ၂၀၂၁ စက်တင်ဘာ ၁၃ ရက်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီနေ့အချိန်ထိ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်တဲ့အထိ ဆက်လက်ပြီး တိုက်ပွဲ ဝင်သွားမှာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို KRF နဲ့ KNU/KNLA နဲ့ PDF (၇၈၀၅)တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။