ရွှေဖီမြေ၊ ဇူလိုင် ၂၈ ရက်၊ မန်ဝိန်း
ကွတ်ခိုင်မြို့နယ် မန်ဝိန်းကျေးရွာက ဒေသခံတစ်ဦးကို ပစ်သတ်ခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ တပ်ရင်းမှူးကို ထောင်ဒဏ် ချမှတ်ခဲ့တယ်လို့ SSPP က ဒီနေ့ ဇူလိုင် ၂၈ ရက် ထုတ်ပြန်ထားပါတယ်။
SSPP ရဲ့ အမှတ် ၁၈၀ တပ်ရင်းမှူးအရာရှိဖြစ်သူ စိုင်းစိန္န က ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက် ည ၁၀ နာရီခွဲမှာ အသက် ၃၃ နှစ်အရွယ်ရှိတဲ့ စိုင်းဆမ်ထွန်း ဆိုသူကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မန်ဝိန်းကျေးရွာကနေ ထွက်လာနေတဲ့အချိန်မှာ စိုင်းဆမ်ထွန်း က ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားတယ် ဆိုပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ သေဆုံးမှုနဲ့ ပတ်သက်ပြီး စိုင်းဆမ်ထွန်း ရဲ့ မိသားစုဝင်တွေက တရားမျှတမှုရှိအောင် အရေးယူဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်က SSPP တာဝန်ရှိသူတွေ ဆီ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
SSPP ရဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက် မနက် ၉ နာရီမှာ မန်ဝိန်းက ဒေသခံတွေနဲ့ ရွာအုပ်ချုပ်ရေးမှူးတွေကို တွေ့ဆုံပြီး သေဆုံးသွားတဲ့ စိုင်းဆမ်ထွန်း ကိုလည်း နစ်နာကြေးတွေ ကူညီပေးခဲ့ပြီး အဲဒီကိစ္စကိုလည်း နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှု ပြေလည်အောင် သဘောတူညီမှု ရရှိခဲ့ကြပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ တပ်ရင်းမှူးဟာ လုပ်ငန်းတာဝန်ပေါ့ဆမှုကြောင့် ဒေသခံတွေနဲ့ စိုင်းဆမ်ထွန်း ရဲ့ မိသားစုဝင်တွေ တောင်းဆိုထားတဲ့အတိုင်း အများပြည်သူရှေ့မှာ ထိုက်တန်တဲ့ ပြစ်ဒဏ်နဲ့ ထောင်ဒဏ် ချမှတ်ခံခဲ့တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။