မိုင်းအရှိုင်း၊ ဇူလိုင် ၂၈ ရက်၊ နမ့်ခမ်း
တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က တပ်သားသစ် စုဆောင်းဖို့ အစည်းအဝေး ခေါ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံသတင်းရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
“အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီးတော့ အစည်းအဝေး လုပ်တာ။ အကြောင်းအရင်းထဲမှာ စစ်သားကောက်ဖို့လည်း ပါတယ်” လို့ ဆိုပါတယ်။
အစည်းအဝေးကို ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်က နမ့်ခမ်းမြို့နယ် မန့်ဟီးရိုးရွာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး စစ်သားကောက်တာကို ဘယ်အချိန်မှာ စတင်အကောင်အထည်ဖော်မှာလဲ ဆိုတာကိုတော့ မသိဘူးလို့ ဆိုပါတယ်။
နောက်ထပ် ဒေသခံတစ်ဦးက “အဲလိုတော့ စစ်ကောက်ဖို့ အစည်းအဝေး လုပ်တယ်တော့ ကြားမိတယ်။ အခုကတော့ ကောက်တာမျိုး မရှိသေးပါဘူး” လို့ ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီအတွင်းမှာ နမ့်ခမ်းတွင်ရှိ ပြည်သူလူထုတွေကို စစ်သား မကောက်ဖို့ SSPP ကို TNLA က မေတ္တာရပ်ခံစာ ပေးပို့ခဲ့ဖူးပါတယ်။
SSPP တပ်ဟာ စစ်ကောင်စီတပ်နဲ့ မကြာခဏ တွေ့ဆုံနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ စစ်ကောင်စီဦးဆောင် ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်ပွဲမှာလည်း တက်ရောက်ခဲ့တဲ့ အဖွဲ့ထဲက တစ်ဖွဲ့ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။