ပို့လဘား၊ ဇူလိုင် ၂၆ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာအနီးက သတ္တုတွင်းတစ်ခုမှာ အမျိုးသား ၂ ဦး အောင်စီဂျင်ပြတ်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်မှာ နမ့်ဖက်ကာကျေးရွာအနီးက ဟန်ကိုင်ကျေးရွာမှာရှိတဲ့ သတ္တုဟောင်းတစ်ခုမှာ အမျိုးသား ၂ ဦးက တွင်းထဲကနေ ရေစုပ်ထုတ်နေချိန်မှာပဲ အောက်စီဂျင်ပြတ်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
“အဲဒီသတ္တုတွင်းက ပိတ်တာကြာပြီ။ ၆ နှစ်လောက်တောင် ရှိပြီ။ သူတို့ ဘာဝင်လုပ်လဲတော့ မသိဘူး။ ၃ ယောက် ဝင်သွားတယ်။ တစ်ယောက်က အပြင်ရောက်နိုင်လို့ လွတ်သွားတယ်။ တစ်ယောက်က အထဲမှာသေတယ်။ နောက်တစ်ယောက်ကျတော့ အပေါက်ဝနားမှာ သေသွားတယ်။ သူတို့က ရှမ်းနဲ့ ကချင်”
သေဆုံးသွားသူ အမျိုးသား ၂ ဦးထဲမှ တစ်ဦးဟာ အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဦးဆိုင်လီနဲ့ နောက်တစ်ဦးကတော့ အသက် ၃၀ နှစ်အရွယ်ရှိတဲ့ ဦးအိုက်မောင်ထွန်းတို့ဖြစ်ကြပြီး မနေ့ ဇူလိုင် ၂၅ ရက်မှာ မီးသဂ်ြုလ်ပေးလိုက်တာလို့ ပြောပါတယ်။
အဲဒီနေရာဟာ အရင်က တရုတ်လုပ်ငန်းရှင်တွေ သတ္တုတူးဖော်တဲ့ နေရာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ကိုးကန့်တပ်မတော် MNDAA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ တပ်စွဲထားတဲ့ နေရာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။