ရွှေဖီမြေ၊ ဇူလိုင် ၂၅ ရက်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ် ကော့ကရိတ် – ကျုံးဒိုလမ်းကြောင်းကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကောင်စီက မနေ့ ဇူလိူင်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ကော့ကရိတ် – ကျုံးဒိုလမ်းကြောင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ ၃ လကျော်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး တိုက်ပွဲပေါင်း ၉၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ကော့ကရိတ် – ကျုံးဒိုလမ်းကြောင်းဟာ အာရှလမ်းမကြီးပေါ်မှာ တည်ရှိပြီး ပြီးခဲ့တဲ့ ဧပြီလထဲမှာ KNU နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကော့ကရိတ် – ကျုံးဒိုလမ်းကြောင်းကို လက်လွှတ်ခဲ့ရတာနဲ့ ပတ်သက်ပြီး KNU နဲ့ ပူးပေါင်းတပ်တွေဘက်က တစုံတရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။
တစ်ဖက်မှာလည်း ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို KNU နဲ့ ပူးပေါင်းတပ်တွေက ဆက်တိုက်သိမ်းယူနေပြီး ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ စစ်ကောင်စီရဲ့ ဝေါလေတပ်စခန်းတစ်ခုသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေကို ဆက်တိုက်ထိုးစစ်ဆင်နေပြီး ဒီဇူလိုင်လထဲမှာ မန္တလေးတိုင်း၊ ကရင်နီပြည်နဲ့ ရှမ်းမြောက်တွေမှာ တော်လှန်ရေးတပ်တွေဘက်က စစ်ကောင်စီထံ မြို့ ၃ ခု ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။