ရွှေဖီမြေ၊ ဇူလိုင် ၂၄ ရက်
စစ်ကောင်စီတပ် ဗုံးကြဲနေတဲ့ကြားကနေ မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနဲ့ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံသိမ်းဆည်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကနေ ၂၄ ရက်အထိ MDY PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီအကြား ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေနဲ့ နယ်မြေရှင်းလင်းမှုတွေမှာ လက်နက်ခဲယမ်းတချို့နဲ့ စစ်ကောင်စီတပ်သား အလောင်း ၆ လောင်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သိမ်းဆည်းရမိတဲ့ စစ်ကောင်စီတပ်သား အလောင်း ၆ လောင်းထဲမှာ DSA စစ်တက္ကသိုလ်အပတ်စဉ် ၅၄ ဆင်းဒု-ဗျူဟာမှူးလို့ ယူဆရတဲ့ ဖြိုးကျော်ဆိုသူလည်း ပါဝင်ပြီး လောက်ကိုင်မှာ လက်နက်ချခဲ့တဲ့ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ ၂၃၉)ဟာ ပုသိမ်ကြီးမြို့နယ်အတွင်း တန်ပြန်ထိုးစစ်တွေမှာ ပါဝင်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်တိုက်ပွဲတွေမှာဇူလိုင် ၂၀ ရက်မှာ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်၊ Y-12 (၁)ကြိမ် ၊ ၂၁ ရက်မှာ ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် ၊ Y-12 နဲ့ ၃ ကြိမ်၊ Mi-35နဲ့ ၂ ကြိမ် ၊ ၂၂ ရက်မှာ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ၊ Y-12နဲ့ ၂ ကြိမ်၊ Mi-35နဲ့ ၁ ကြိမ်၊၂၃ ရက်မှာ ဂျက်ဖိုက်တာနဲ့ ၁ ကြိမ် Y-12နဲ့ ၁ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။