မိုင်းအရှိုင်း၊ ဇူလိုင် ၂၃ ရက်၊ သိန္နီ
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့က မြို့ဦးဓာတ်ဆီဆိုင် ပေါက်ကွဲမှု ဖြစ်ပွားပြီး ဆိုင်ရှင်ရဲ့သားဖြစ်သူ မီးလောင်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပေါက်ကွဲမှုက ဒီနေ့ ဇူလိုင် ၂၃ ရက် နေ့လယ် ၁၂ ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “သူ့သားက အိမ်ထဲ ဝင်သွားတဲ့အချိန် မီးလောင်သွားတာ။ မီးက သူ့နဲ့တည့်တည့် ရိုက်လိုက်တာ။ တစ်ကိုယ်လုံးကို မီးလောင်သွားတာ” လို့ ပြောပါတယ်။
မီးလောင်သွားတဲ့ အမျိုးသားက အသက် ၂၀ ကျော်ဖြစ်ပြီး လက်ရှိမှာ သူ့ကို ဆေးရုံပို့ပြီးတော့ ကုသမှု ခံယူနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
မီးလောင်မှုက သတင်းရေးသားနေတဲ့ နေ့လယ် ၂ နာရီအထိ လောင်နေဆဲဖြစ်ကာ မီးမပြန့်စေဖို့ တာဝန်ရှိသူတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓာတ်ဆီဆိုင် ပေါက်ကွဲမှု ဖြစ်ပွားတဲ့ အကြောင်းအရင်းကိုတော့ ရွှေဖီမြေအနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။