ဓာတ်ပုံ- Local

ပို့လဘား၊ ဇူလိုင် ၂၂ ရက်

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လုပ်ငန်း ဆိုင်းဘုတ်၊ ကြေညာချက်နဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းဆိုင်းဘုတ်တွေကို တရုတ်၊ မြန်မာ နှစ်ဘာသာ ရေးရမယ်လို့ ကိုးကန့်တပ်က မနေ့ ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လောက်ကိုင်၊ ကွမ်းလုံ၊ ချင်းရွှေဟော် စတဲ့မြို့တွေမှာ ကိုးကန့်က တရုတ်ဘာသာစကားကိုသာ အဓိက အသုံးပြုတာဖြစ်ပြီး ဆိုင်းဘုတ်တွေမှာလည်း တရုတ်စာနဲ့သာ ရေးသားမှု များတာ‌ကြောင့် လက်ရှိမှာတော့ ဆိုင်းဘုတ်‌တွေကို တရုတ်စာနဲ့ မြန်မာစာ ရေးသားရမှာဖြစ်တယ်လို့ ထုတ်ပြန်လာတာပါ။

“အရင်တုန်းက ဒီဘက်မှာ များသောအားဖြင့် တရုတ်စာ ရေးတာ များတယ်။ ပြောမယ်ဆိုရင် ကိုးကန့်စာက တရုတ်စာနဲ့ အနီးစပ်ဆုံးဖြစ်တော့ အသံထွက်တွေပဲ ကွဲလွှဲတာပါ။ ရေးတာကတော့ ကိုးကန့်လို ရေးတာပါ တရုတ်စာနဲ့ သွားတူ‌နေတော့ တရုတ်စာလို ဖြစ်သွားတာ။ အခုက ဒီဘက်မှာ မြန်မာကလူတွေ များလာတော့ တရုတ်စာတစ်ကြောင်း မြန်မာစာတစ်ကြောင်း ရေးခိုင်းတယ်။ ဆိုင်းဘုတ်ပေါ်မှာ ကိုယ်နီးစပ်ရာ တိုင်းရင်းသားစာ ရေးလို့ရတယ် ဘာမှမဖြစ်ဘူး။ အကုန်လုံး နား‌လည်အောင်ပဲ ဒီဘက်လည်း မြန်မာတွေ နားလည်အောင်၊ ဟိုဘက် ရောက်နေတဲ့ ကိုးကန့်တွေလည်း နားလည်အောင်ပေါ့” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကိုးကန့်လူမျိုးအပါအဝင် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြတာကြောင့် အများပြည်သူ လွယ်ကူရိုးရှင်း‌စွာ သိရှိနားလည်နိုင်အောင် ဌာနဆိုင်ရာ ဆိုင်းဘုတ်တိုင်းမှာ မြန်မာနဲ့ တရုတ်စာနှစ်ဘာသာ ရေးသားရမယ့်အချက်ကို သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။

သိန္နီဒေသခံ အမျိုးသားတစ်ဦးက “ဆိုင်းဘုတ်တွေ တရုတ်စာတစ်မျိုး ရေးခိုင်းတာတော့ မရှိဘူး။ မြန်မာစာနဲ့တရုတ်စာနှစ်မျိုး တွဲရေးခိုင်းတာတော့ ရှိတယ်။ တရုတ်စကား တတ်တဲ့သူက တရုတ်စာနဲ့ပေါ့။ တရုတ်စာ မဖတ်တတ်တဲ့သူက မြန်မာစာနဲ့ပေါ့။ အဲလိုမျိုးဖြစ်အောင် သူတို့ရေးခိုင်းတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သိန္နီမြို့ပေါ်က ဆိုင်းဘုတ်တွေကို တရုတ်စာနဲ့ ရေးရမယ်လို့ ကိုးကန့်တပ်က ပြောဆိုထားပြီး တရုတ်စာနဲ့ရေးထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ဓာတ်ပုံ ရိုက်ပြပြီး MNDAA က သတ်မှတ်ထားတဲ့ မြို့နယ်ထောက်ခံစာနဲ့ ကတ်တွဲပြီး ခရိုင်ရုံးသို့ ပြန်တင်ရမယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နောက်ထပ် သိန္နီဒေသခံ အမျိုးသားတစ်ဦးက “တရုတ်စာတွေ ရေးခိုင်းတာတော့ ဟုတ်တယ်။ ဘယ်နေ့ကတည်းကလဲ မသိဘူး။ ၁၉ ရက်နေ့မှ ကျနော်သိတာ။ တရုတ်စာနဲ့မြန်မာစာ မတပ်ထားရင် လုပ်ငန်းလိုင်စင် လုပ်မပေးဘူး။ မြန်မာစာ ရေးပြီး တရုတ်စာ မပါရင်လည်း မလုပ်ပေးဘူး” လို့ ပြောပါတယ်။

လာမယ့် စက်တင်ဘာလမှာ MNDAA က သိန္နီမြို့ကို စစ်ကောင်စီတပ်ထံ ပြန်လည် လွှဲပြောင်းပေးမယ်လို့ သတင်း ထွက်ပေါ်နေပေမဲ့ ကိုးကန့်တပ်က အုပ်ချုပ်ရေးယန္တရားတွေ ဆက်လက် အကောင်အထည် ဖော်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။