ပို့လဘား၊ ဇူလိုင် ၂၁ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းတစ်ခုမှာ မြေစာပုံ ပြိုကျခဲ့ရာ ရေမဆေးကျောက် ရှာဖွေနေသူ ၂၀ ဦးထက်မနည်း မြေစာပြိုကျမှုနဲ့အတူ ပါသွားခဲ့ကြောင်း အနီးအနားမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၂၁ ရက် မနက် ၉ နာရီခွဲကျော်မှာ လုံးခင်းကျေးရွာအုပ်စု မှော်စီစာရွာအနီးမှာရှိတဲ့ စိန်စိန်နဲ့ ဂျတ်ပါဝါကုမ္ပဏီရဲ့ လုပ်ကွက်ဟောင်းအတွင်း မြေစာပုံ ပြိုကျခဲ့တာပါ။
“စိန်စိန်လုပ်ကွက်မှာ ပြိုကျတာ။ ဒီမနက်လည်း မိုးရွာထားတာဆိုတော့လေ။ လူပိတာက ၂၀ ကျော်မယ်ထင်တယ်။ အခုဆိုရင် အလောင်းတွေ ဖော်နိုင်ပြီထင်တာပဲ။ ပြီးတော့ အပေါ်က အိမ်တစ်လုံးနဲ့ မြေစာပုံပေါ်မှာ ဈေးရောင်းနေတဲ့ မိန်းကလေးလည်း ပါတယ်။ ကျင်းက ၇ ကျင်းလောက်ရှိမယ်။ တစ်ကျင်းမှာ လူအနည်းဆုံး ၄ ယောက် နေမယ်ဆိုတော့လေ”
မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာနေသူ ၂၀ ဦးထက်မနည်း မြေပိသွားပြီး လက်ရှိမှာတော့ အလောင်း ၁ လောင်းကိုသာ ဆယ်ယူရရှိသေးပြီး သေဆုံးသူနဲ့ ပျောက်ဆုံးသူ အရေအတွက် တိုးလာနိုင်ခြေ ရှိတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာအနီးက ရတနာအဓိပတိ ကျောက်လုပ်ကွက် မြေစာပုံနွံကန် ပွင့်ထွက်မှုကြောင့် သေဆုံးသူ ၃၀ ကျော် ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။