အိုက်ပွီး၊ ဇူလိုင် ၂၁ ရက်၊ ဟားခါး
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာ ငွေသား ပြတ်လပ်နေတဲ့အတွက် ဘဏ်မှာ ငွေထုတ်ယူခွင့် မရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဟားခါးမြို့မှာ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကနေ ငွေသား မပို့ပေးနိုင်တော့တဲ့အတွက် ငွေသား ပြတ်လပ်နေပြီး ငွေထုတ်ယူဖို့ ဘဏ်မှာ ငွေသား မရှိတော့တာပါ။
“ဇူလိုင်လ အစောပိုင်းကတည်းက ငွေသား အများကြီး မထုတ်ပေးတော့တာပါ။ အခုဆို ထုတ်ဖို့တောင် ငွေသား မရှိတော့ဘူး။ မထုတ်ပေးနိုင်တော့ဘူး” လို့ ဟားခါးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဟားခါးမြို့မှာ စစ်ကောင်စီက ငွေသားတွေကို ရဟတ်ယာဉ်ကနေ ပို့ဆောင်ပေးတာဖြစ်ပြီး ငွေသား မပို့ပေးတာ လအတော်ကြာနေပြီလို့ သိရပါတယ်။
ဒါကြောင့် ငွေထုတ်ချင်သူတွေအနေနဲ့ ရဟတ်ယဉ် လာမှ ဘဏ်မှာ ငွေထုတ်ယူကြဖို့ လက်ရှိမှာ ငွေထုတ်တာ မပြုလုပ်ဖို့ ဘဏ်ဝန်ထမ်းတွေက မှာကြားထားပါတယ်။
“ဟားခါးမှာ ဒီအခေါက် ရဟတ်ယာဉ် မလာတာ အတော်ကြာပြီ။ ဒါကြောင့်မို့လို့လည်း ဘဏ်မှာ ငွေသား ပြတ်လပ်နေတာ။ ဟိုနေ့က ဘဏ်မှာ ငွေသွားထုတ်တာ။ ဘဏ်ဝန်ထမ်းက ငွေမရှိဘူးတဲ့။ လေယာဉ်လာမှ ငွေ လာထုတ်ပါတဲ့” လို့ နောက်ထပ် ဟားခါးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
မြေပြင်ဆက်သွယ်ရေး လမ်းကြောင်းတွေကို ချင်းတော်လှန်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားတဲ့အတွက် စစ်တပ်ဟာ ဟားခါးမြို့ကို လိုအပ်တဲ့ ရုံးကိစ္စ၊ စာရွက်စာတမ်းနဲ့ တခြားကိစ္စတွေကို လေကြောင်းကနေ ပို့ပေးနေတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ကလည်း ဟားခါးမြို့အဝင် ၁၆ လမ်းဆုံက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တစ်ခုကို CDF-Hakha က ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှု ရှိတယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။