ယာရူစိင်၊ ဇူလိုင် ၂၁ ရက်၊ သီပေါ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ တိုက်ခိုက်ခဲ့ရာ ၂ ပတ်အတွင်း လေကြောင်းကနေ ၄ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၂၀ ရက် ည ၁၁ နာရီဝန်းကျင်မှာ သီပေါမြို့ ခြေလျင်တပ်ရင်း (ခလရ ၂၃) တပ်စခန်းဟောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၁ လုံး ကြဲချတိုက်ခဲ့တာပါ။
ဒေသခံတစ်ဦးက “ဗုံးက ၂၃ တပ်ထဲ ကျတာပါ။ လူအထိအခိုက် မရှိဘူး။ တောထဲပဲ ကျတော့ အဆောက်အဦးလည်း မထိဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က သီပေါမြို့ အမှတ်(၁) အခြေခံမူလွန်ကျောင်းနဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းလိုင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ဇူလိုင် ၁၄ ရက်ကလည်း သီပေါမြို့ Hsipaw မိုဘိုင်းဖုန်းဆိုင်အနီးနဲ့ ရွှေလုံး အလှပြင်ဆိုင်အနီး ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် ဇူလိုင် ၄ ရက်ကလည်း သီပေါမြို့ထဲ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အဆောက်အဦး ၅ လုံးနဲ့ နေအိမ် ၈ လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။