ပျားကြီး၊ ဇူလိုင် ၂၀ ရက်၊ ရန်ကုန်
ထောင်တွင်း အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှု ခံခဲ့ရပြီး ဆေးကုသခွင့် မရရှိခဲ့တာကြောင့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင် ကျဆုံးခဲ့တယ်လို့ ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။
အင်းစိန်ထောင်အတွင်း ဒီနေ့ ဇူလိုင် ၂၀ ရက် မနက်ပိုင်းမှာ မဝတ်ရည်အောင်ဟာ စစ်တပ်ရဲ့ စစ်ကြောရေးနဲ့ ထောင်တွင်း အကြမ်းဖက်မှုကနေ ရရှိခဲ့တဲ့ ဒဏ်ရာတွေကို ကုသခွင့် မရတာကြောင့် ကျဆုံးခဲ့ရတာပါ။
“မိုက်ရိုင်းစုတ်ပဲ့တဲ့ စစ်တပ်ကြောင့် ကျနော်တို့ရဲ့ ရဲဘော်တစ်ဦး အသက်ပေးခဲ့ရတာဖြစ်တယ်။ လူတစ်ယောက်ကို စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ထင်တိုင်းကြဲ ညှင်းပန်းနှိပ်စက်ခဲ့ပြီး ဆေးကုခွင့် မပေးလို့ အခုလို ဖြစ်ခဲ့တာပေါ့” လို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။
မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှာ တခြားရဲဘော်တွေနဲ့အတူ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်ကြောရေးမှာ ပြင်းထန်တဲ့ ဦးခေါင်ထိခိုက်ဒဏ်ရာ ရရှိခဲ့သူဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောဆိုပါတယ်။
ဒါ့အပြင် ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ မဝတ်ရည်အောင်ကို ထောင်တွင်းမှာ ဆက်လက် ညှင်းပန်းခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဒိုက်ဦးအကျဉ်းထောင်ဘက် အတင်းအကြပ် ထောင်ပြောင်းခဲ့တယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှာတော့ ကျန်းမာရေးအခြေအနေ ကောင်းမွန်မှုမရှိတဲ့ မဝတ်ရည်အောင်ကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂(က)နဲ့ ထပ်တိုးထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ပြီး ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ကို ပြန်ပို့ပေးခဲ့တယ်လို့ တကသ ကျောင်းသားဟောင်းတစ်ဦးက ပြောဆိုပါတယ်။
အခုလို စစ်ကြောရေးနဲ့ ထောင်တွင်း အကြမ်းဖက်မှုမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ထောင်ပြောင်းရွှေ့ပြီး ၂ နှစ်ကျော်အကြာမှာ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။