လွေးဇွန်မိုး၊ ဇူလိုင် ၁၈ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူသို့သွားတဲ့ လမ်းပေါ်ရှိ ယူမာရွာ အဲဗားဝင်းနား ကုမ္ပဏီရှေ့မှာ အမျိုးသားတစ်ဦး မိုင်းနင်းမိရာကနေ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဇူလိုင် ၁၈ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ အဲဗားဝင်းနား ကုမ္ပဏီရှေ့မှာ အမျိုးသား ၂ ဦး ပိန်းဥ တူးရင်း မိုင်းနင်းမိပြီး တစ်ဦးက ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဖားကန့်မှာ နေထိုင်တဲ့ Tarlin Mg က ရွှေဖီမြေကို ပြောပါတယ်။
“ပိန်းပင်က ပိန်းဥ သွားတူးတာလို့တော့ အဲလိုသိရတာဗျ။ ၂ ယောက်လို့ပြောတယ်။ ၂ ယောက်မှာ တစ်ယောက်ကတော့ လွှင့်သွားတာ။ လွှင့်သွားတော့ ကြောက်အားလန့်အားနဲ့ ထွက်ပြေးသွားတယ်တဲ့။ တစ်ယောက်ကတော့ မိုင်းနင်းမိပြီး ပွဲချင်းပြီး ဆုံးသွားတာပေါ့”
သေဆုံးသွားတဲ့ အမျိုးသားဟာ ဘယ်သူဘယ်ဝါမှန်း မသိရသေးတာကြောင့် ၎င်းရဲ့ အလောင်းကို ဘယ်လူမှုကူညီရေးအသင်းမှ လာရောက် ရှင်းလင်းတာ မရှိသေးဘူးလို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
မိုင်းနင်းမိခဲ့တဲ့ နေရာအနီးဝန်းကျင်က အဲဗားဝင်းနားကုမ္ပဏီရဲ့ ရွှေမျောခြံထဲ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတာ ရှိတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။