ပို့လဘား၊ ဇူလိုင် ၁၇ ရက်၊ သိန္နီ
ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်မှာ အိမ်ထောင်စုလုပ်ဖို့ MNDAA က စာရင်းလိုက်ကောက်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဇူလိုင်လ ဒုတိယပတ်အတွင်း သိန္နီမြို့နယ်ထဲက ဒေသခံတွေကို ကိုးကန့်တပ်တွေက သန်းခေါင်စာရင်းလိုက်ကောက်တာဖြစ်ပြီး ကိုးကန့်အိမ်ထောင်စုနဲ့ စိစစ်ရေးကတ်ပြား ပြုလုပ်ခိုင်းတာဖြစ်တယ်လို့ ပြောပါတယ်။
“သန်းခေါင်စာရင်းကောက်တာကတော့ မြို့ပေါ်ရပ်ကွက်နဲ့ ရွာဘက်တို့ ကောက်တယ်။ သန်းခေါင်စာရင်း တစ်ယောက်မကျန်အကုန်ပေးရတယ်။ ကိုးကန့်အိမ်ထောင်စုနဲ့ ကတ်ပြားလုပ်ဖို့လေ။ အခုက အိမ်ထောင်စုအရင်လုပ်ပေးမယ်။ ကတ်ပြားတော့ မရှိသေးဘူး။ မလုပ်ပေးရသေးဘူး။ အခုမှစလုပ်တာဆိုတော့လေ။ အခုဆိုနေထိုင်ခွင့်တွေရှိရမယ်။ လာစစ်တဲ့အချိန်ကျရင်လည်း သန်းခေါင်စာရင်းမတိုင်ထားရင် အရေးယူမယ်ပေါ့ ” လို့ ပြောပါတယ်။
ဒါ့အပြင် MNDAAထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ ကိုးကန့်ထုတ်ပေးတဲ့ ကတ်ပြားတွေကို အသုံးပြုပြီး တရုတ်ပြည်ဝင်ခွင့်ကတ် လုပ်လို့ရကြောင်း သိရပါတယ်။
လာမယ့်စက်တင်ဘာလမှာ MNDAAက သိန္နီမြို့ကို စစ်ကောင်စီတပ်ထံ ပြန်လည်လွဲပြောင်းပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ကတော့ တစုံတရာ သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။