မိုင်းရူပ၊ ဇူလိုင် ၁၇ ရက်၊ ရေစကြို
စစ်ကိုင်းတိုင်း ရေစကြိုမြို့နယ် ကမ္ဘဲ့ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေအပါအဝင် ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေစကြိုမြို့နယ်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရေစကြိုအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ – ၂၅၈ ကနေ ကမ္ဘဲ့ ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ရေစကြို PDF ရဲ့ တပ်ဖွဲ့ဝင်ဖြစ်တဲ့ ရဲဘော်ကောက်ကြီးနဲ့ ၎င်းရဲ့ ဇနီးဖြစ်သူ မသဇင်ဝေ၊ CDM ကျောင်းဆရာမ မနွေဦးမေနဲ့ ကမ္ဘဲ့ကျေးရွာခံ မောင်ရှင်းလင်းတို့ဖြစ်ပြီး နောက်ထပ် ကမ္ဘဲ့ကျေးရွာခံ ၄ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
“ပထမတစ်လုံးပစ်တဲ့အချိန် ပြည်သူနေအိမ်ပေါ်ကျပြီး မီးလောင်နေတဲ့အချိန်မှာ ကျနော်တို့ရဲဘော်တွေက မီးငြိမ်းဖို့ လုပ်နေတဲ့အချိန်မှာ နောက်တစ်လုံး ထပ်ပစ်တာ။ အဲအချိန်မှာ ရဲဘောတွေ ထိသွားတယ်ပေါ့” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေစကြိုမြို့နယ်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ သူတွေကို သဂြိုလ်ပေးလိုက်ပြီလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ကမ္ဘဲ့ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက နေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်မှာလည်း စစ်ကိုင်းမြို့နယ် လင်းတလူးကျေးရွာရှိ စစ်ရှောင်ဒေသခံတွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ၃၀ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။