ပို့လဘား၊ ဇူလိုင် ၁၆ ရက်၊ သိန္နီ
ကိုးကန့်တပ်မတော် – MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့နယ်မှာ မြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ကိုးကန့်တပ်က ထောက်ပံ့ငွေတွေ ပေးခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း လက်နက်ကြီးကြောင့် ပျက်စီးခဲ့တဲ့ မြို့ထဲက နေအိမ်တွေကို ကိုးကန့်တပ်က ထိခိုက်ပျက်စီးသွားတဲ့အပေါ် မူတည်ပြီး တစ်အိမ်ကို တရုတ်ယွမ် ၁ထောင်ကနေ ၆ ထောင်( ၆ သိန်းကနေ သိန်း ၃၀ ကျော်) အထိ ထောက်ပံ့ငွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။
“စာရင်းကောက်တာတော့ ကြာပါပြီ။ စာရင်းကောက်ပြီးမှ ပျက်စီးသွားတဲ့ အိမ်အပေါ် မူတည်တာပေါ့။ ၇ လပိုင်း ၈ ရက်နဲ့ ၁၃ ရက်မှ သူတို့ပေးတာ။ အိမ်သုံးပုံတစ်ပုံလောက် ပျက်စီးတဲ့ အိမ်တွေရယ်။ တစ်ဝက်လောက် ပျက်တဲ့အိမ်တွေ တစ်အိမ်လုံးပြာကျတဲ့ အိမ်တွေပေါ့နော်။ အနည်းဆုံးယွမ် ၁ ထောင် ( ၆သိန်း) ပေးတာပေါ့နော်။ လုံးလုံးပြာကျသွားတဲ့ အိမ်တွေဆို ယွမ် ၅ ထောင် ၆ ထောင်ပေးတယ်” လို့ ပြောပါတယ်။
ကိုးကန့်တပ်ရဲ့ တာဝန်ရှိသူတွေက မြေပြင်ကွင်းဆင်းပြီး ထောက်ပံ့ငွေ လိုက်ပေးခဲ့တာရှိသလို သိန္နီမြို့ အုပ်ချုပ်ရေးရုံးမှာလည်း ထောက်ပံ့ငွေ ပေးခဲ့တာရှိတယ်လို့ အထက်ပါအမျိုးသမီးက ဆိုပါတယ်။
“တစ်နေရာထဲ ပေးတာမဟုတ်ဘူး။ အဲဒီသိန္နီထဲက သုံးလေးနေရာလောက် ပေးတာပေါ့နော်။ အုပ်ချုပ်ရေးရုံးမှာလည်း ပြည်သူတွေခေါ်ပြီး တိုက်တာပေါ့နော်။ လားရှိုးတုန်းကလို ဖြစ်နေမှာစိုးလို့ ရတဲ့သူကရ။ မရတဲ့သူကလည်း မရ။ အဲလိုဖြစ်မှာစိုးလို့ ကွင်းဆင်းပြီး သူတို့ဆီ ကိုယ်တိုင်ပေးခဲ့တယ်”
မြို့သိမ်းတိုက်ပွဲကြောင့် ထိခိုက်ပျက်စီးသွားခဲ့တဲ့ သိန္နီမြို့နယ်ထဲက နေအိမ်နဲ့ ကျောင်းဆောင်ပေါင်း (၄၂၄) အတွက် ကူညီထောက်ပံ့ပေးခဲ့တာလို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။
သိန္နီမြို့ကို လာမယ့်စက်တင်ဘာလမှာ MNDAA တပ်က စစ်ကောင်စီတပ်ထံ ပြန်လည်လွှဲပြောင်းပေးရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အဆိုပါအေကြာင်းအရာနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ကတော့ တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။