ရဲမာန်၊ ဇူလိုင် ၁၆ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်အစပ်ရှိ နသတ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
မနေ့ ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချခဲ့ရာ သေဆုံးဒဏ်ရာရတာအပြင် နေအိမ် ၂ လုံးလည်း ပျက်စီးသွားတယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က ရွှေဖီမြေကို ပြောပါတယ်။
“သားအမိနှစ်ယောက် ထိတာ။ သမီးဖြစ်သူက ဆုံးသွားပြီး အမေဖြစ်သူက မစိုးရိမ်ရဘူး ခြေထောက်ဘဲ ထိသွားတာ”
သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက် ၄၀ ကျော်အရွယ်ရှိပြီး ၎င်းရွာကို အခုလို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်တာဟာ ၄ ကြိမ်မြောက် ရှိပြီဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက် မနက် ၁၁ နာရီခွဲခန့်မှာ မြိုင်မြို့နယ် အိုင်းရင်းနဲ့ ရွာသစ်ရွာကြားကို ပခုက္ကူ တပ်မ ၁၀၁ ကနေ လေထီးနှစ်စီးနဲ့ ၁၂၀ မမ ဗုံး ၃ လုံး တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။