ယာရူစိင်၊ ဇူလိုင် ၁၄ ရက်၊ မော်ချီး
ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၆ ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၁၄ ရက် ၂ နာရီမှာ မော်ချီးဒေသ တောင်ပေါ်ရပ်ကွက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်လို့ ၆ဦးသေဆုံးပြီး အနည်းဆုံး ဒေသခံ ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
“တစ်ပတ်တစ်ခါလောက် လာကြဲတယ်။ ကြဲတိုင်းလည်း လူသေတယ်။ ပြည်သူတွေ ကလေးတွေပဲ အသက်ရှုံးဆုံးရတယ်။ အခုလည်း ဒေသခံတွေနေတဲ့နေရာကို လာကြဲသွားတာပါ။ တချို့သေတာဆိုရင် ခေါင်းတောင်မပါတော့ဘူး။ နေအိမ်တွေလည်း ပျက်စီးသွားတာ ရှိတယ်”
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကလည်း မော်ချီးဒေသ လိုလော်ထီးရွာကို စစ်ကောင်စီတပ်က ပေါင် ၂၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ဦးသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က မော်ချီးဒေသ ရပ်ကွက် ၁၅ က ခဲကျင်းကို ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၇ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။