မိုင်းအရှိုင်း၊ ဇူလိုင် ၁၄ ရက်
နောင်ချိုကို ထောင်နဲ့ချီတဲ့အင်အားနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်က အတင်းအဓမ္မ စုဆောင်းခဲ့တဲ့ တပ်သားသစ်အများအပြား အသုံးပြုနေပြီး အဲဒီတပ်သားတချို့တွေဟာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA ထံ အလင်းဝင်ရောက်လာတယ်လို့ ဆိုသိရပါတယ်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်- DPLA ရဲ့ ဥက္ကဌဖြစ်သူ ကိုထွန်းထွန်းနိုင်က “ဖမ်းမိတဲ့သူတွေကော အလင်းဝင်ရောက်လာတဲ့သူတွေကော ပေါ်တာဆွဲခံရပြီး ရောက်လာတဲ့သူ ၉၀ ရာခိုင်နှုန်းကျော်ပါတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၁၄ ရက် မနက်ခင်းပိုင်းမှာ DPLA က နောင်ချိုတိုက်ပွဲတုန်းက အလင်းဝင်ရောက်လာတဲ့တပ်သားတစ်ဦးကို တပ်ထဲ ဘယ်လိုရောက်လာကြောင်းကို မေးမြန်းထားတဲ့ ဗွီဒီရိုဖိုင်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
အဲတပ်သားက မကွေးတိုင်း စလင်းမြို့ခံတစ်ဦးသလို သုံးဘီးနဲ့ ဈေးရောင်းတဲ့အလုပ်ကို လုပ်ကိုင်တဲ့သူဖြစ်ပြီး သူသုံးဘီးမောင်းနေတဲ့အချိန်မှာ စစ်ကောင်စီတပ်လက်အောက်ခံ ဗျူစောထီးအဖွဲ့က ပေါ်တာဆွဲတာကြောင့် တပ်ထဲရောက်လာတယ်လို့ ထွက်ဆိုပြောကြားပါတယ်။
“ရပ်ရွာမှာ ရောင်းမယ့် မုန့်ပဲသရေစာလေးတွေပေါ့။ သူတို့က မင်း PDF ကို ထောက်ပံ့နေတဲ့ ပစ္စည်းတွေမို့လား ဆိုပြီးတော့ သုံးဘီးပေါ်က ဆွဲချတယ်။ ချပြီးတော့မှ လူကို လိုက်ရှာတယ်။ ကျနော်ပစ္စည်းပို့တာ ပိုက်ဆံနဲနဲပါးပါး ပါတယ်။ ပိုက်ဆံ ၉ သိန်း ၁၀ သိန်းလောက်ပါမယ်။ အဲဒါနဲ့ ဖုန်းကို ဆွဲယူထားလိုက်တယ်။ ပြီးရင် ပြန်ပေးမယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ သင်တန်းရောက်တဲ့အထိ တစ်ခုမှပြန်မရပါဘူး”လို့ ထွက်ဆိုထားပါတယ်။
လက်ရှိ စစ်ကောင်စီတပ်က နောင်ချိုမြို့ကို ထိုးစစ်ဆင်ရာမှာ အတင်းအဓမ္မ စုဆောင်းထားတဲ့ တပ်သားသစ် ထောင်နဲ့ချီ အသုံးပြုလာပြီး တချို့တပ်သားတွေဟာ DPLA ထံ အလင်းဝင်ရောက်လာတယ်လို့ဆိုပြီး အရေအတွက်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
အဲဒီအလင်းဝင်ရောက်လာတဲ့ တပ်သားတချို့ကို နေရပ်ပြန်လွှတ်ပေးခဲ့ပြီး ဖမ်းဆီးရမိသူတွေကိုတော့ ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဥက္ကဌဖြစ်သူ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။